စစ်ကောင်စီလက်အောက် ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက စတင်ဖွင့်လှစ်လိုက်ပါတယ်။
-
RFA Burmese
2023-06-01 -
-
-
၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် စာသင်ကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီက စတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဒီပညာသင်နှစ်အတွက် စစ်ကောင်စီကဖွင့်လှစ်တဲ့ကျောင်းတွေမှာ မေလ ၃၁ ရက်နေ့က အပ်နှံထားသူ ၆ သန်းခွဲနီးပါးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဇွန်လ ၁ ရက်နေ့က ကျောင်းတွေစတင်ဖွင့်လှစ်ချိန်မှာတော့ ရန်ကုန်မြို့က ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းတက်နေတာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာလည်း စာသင်ကျောင်းတွေကို စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်က စာသင်ကျောင်း ၃၂၀၀ နီးပါးထဲက ထက်ဝက်လောက်ဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပါတယ်။ ပျက်စီးသွားတဲ့ စာသင်ကျောင်းတွေကို ပြန်လည်ပြင်ဆင်လို့ မပြီးသေးခင်မှာ စစ်ကောင်စီက ကျောင်းပြန်ဖွင့်ခဲ့တာပါ။
စာသင်ကျောင်းတွေမှာ အမိုးအကာတွေမရှိဘဲ ပျက်စီးနေတဲ့အတွက် ကျောင်းတွေပြန်ဖွင့်ပေမဲ့ စာသင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ရခိုင်ပြည်နယ်က ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
ရခိုင်ဒေသက ပျက်စီးနေတဲ့ကျောင်းတွေကို ပြင်လို့မပြီးသေးခင်မှာ ပြန်ဖွင့်ခဲ့တဲ့အပြင် တဖက်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသတွေက စာသင်ကျောင်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပါတယ်။
စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ဒေသတွေမှာရှိတဲ့ ကလေးသူငယ်တွေ ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့အပြင် လုံခြုံမှုလည်း မရှိတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။