
ရှေ့တန်းစစ်မြေပြင်က ဓာတ်ပုံသတင်းထောက်ဘဝ
လုပ်ဖော်ကိုင်ဖက် အများအပြားသေဆုံးပြီး တချို့ဖမ်းဆီးခံရ၊ တချို့ ပုန်းအောင်းနေရချိန်မှာ အလွတ်ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ သမိုင်းဝင်ဖြစ်ရပ်တွေကို မှတ်တမ်းတင်ဖို့ ကြိုးပမ်းနေပါတယ်။
မေ ၂၉၊ ၂၀၂၄
ဓာတ်ပုံ - ခူးဆမ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းထောက်အများအပြား လုံခြုံရေးအတွက် ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။
ဓာတ်ပုံဆရာ ခူးဆမ် (လုံခြုံရေးကြောင့် အမည်လွှဲထား) က မပြေးဘဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူဟာ နိုင်ငံတစ်ဝန်းက စစ်ရေးပဋိပက္ခနဲ့ လူတွေထိခိုက်ခံစားရတဲ့အကြောင်းတွေကို မှတ်တမ်းတင်ရင်း ခရီးထွက်ခဲ့ပါတော့တယ်။

လတ်တလောမှာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကနေ တောင်ဘက်အစွန်း တနင်္သာရီတိုင်းအထိ တိုက်ပွဲနဲ့ လွတ်ကင်းတဲ့နေရာ မရှိသလောက်ပါပဲ။ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ Armed Conflict Location and Event Data Project (ACLED) ရဲ့ အဆိုအရ လူပေါင်းငါးသောင်းထက်မနည်း သေဆုံးပြီး နှစ်သန်းနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက ကျေးရွာတွေနဲ့ မြို့တွေမှာ အိမ်ခြေ ရှစ်သောင်းကျော် မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ရဲ့အဆိုအရ သိရပါတယ်။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး အားလုံး ဖရိုဖရဲဖြစ်နေပြီး စစ်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲပါ။

“လူတော်တော်များများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရကြတယ်။ ဘယ်ကိုပဲရောက်ရောက် စိတ်ဒဏ်ရာရနေတဲ့ ကလေးတွေ၊ ပျော်ရွှင်မှုကင်းမဲ့တဲ့ ကလေးတွေကိုပဲ တစ်ချိန်လုံး မြင်နေရတယ်” လို့ ခူးဆမ်က RFA ကို ပြောပါတယ်။ “လေယာဉ်မြင်တာနဲ့၊ လေယာဉ်သံကြားတာနဲ့ တုန်လှုပ်ချောက်ချားပြီး 'ပုန်းကြဟေ့၊ ပုန်းကြဟေ့' ဆိုပြီး အော်ကြတယ်။ အိပ်မက်ဆိုးတစ်ခုလိုပါပဲ”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်က ဖြုတ်ချ၊ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးအကျဉ်းချပြီး နောက်တစ်ကြိမ် စစ်အာဏာထူထောင်လိုက်ချိန်မှာ ခူးဆမ်ဟာ ရန်ကုန်မြို့မှာ ရှိနေခဲ့တာပါ။
အဲဒီနောက်ပိုင်း လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်မှာ စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက် ချေမှုန်းတဲ့အတွက် ပြည်သူလူထုရာထောင်ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သေဆုံးသွားသူတွေထဲမှာ ခူးဆမ်ရဲ့သူငယ်ချင်း ဓာတ်ပုံသတင်းထောက်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြပွဲတစ်ခုမှာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာပါ။

ခူးဆမ်လို သတင်းသမားတွေဟာ စစ်ကြောမေးမြန်းမှုတွေနဲ့ အတော်လေး ရင်ဆိုင်ရပါတယ်။ အာဏာသိမ်းပြီးကတည်းက သတင်းသမား အနည်းဆုံး ၁၇၆ ဦး အဖမ်းခံရပြီး လေးဦး သေဆုံးခဲ့တယ်လို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (International Federation of Journalists) က ပြောပါတယ်။ ခူးဆမ်ဟာ ရန်ကုန်မှာ အဖမ်းဆီးမခံရအောင် နှစ်လ၊ သုံးလတစ်ကြိမ် ပြောင်းရွှေ့နေထိုင်ခဲ့ရပြီး နောက်ဆုံးတော့ ရန်ကုန်ကနေ ထွက်ခွာသွားတာကပဲ အကောင်းဆုံး ဖြစ်လာပါတော့တယ်။

“ကျွန်တော် တော်လှန်ရေးနယ်မြေထဲကို ရောက်ပြီး (ဓာတ်ပုံတွေ) စရိုက်တဲ့အချိန်ရောက်မှ လောလောဆယ်တော့ ငါလုံခြုံပြီလို့ ခံစားလိုက်ရတယ်။ စစ်ကောင်စီကဖမ်းတာ ဒါမှမဟုတ် ပစ်မှတ်ထားခံရတာတွေကနေ လွတ်ကင်းသွားပြီပေါ့” လို့ သူက ပြောပါတယ်။
“ဒါပေမဲ့ တစ်ဖက်မှာလည်း သူတို့က ဗုံးတွေကြဲနေတယ်။ စစ်ဖြစ်နေတဲ့ ရှေ့တန်းမှာတင်မကဘဲ ရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကိုပါ ဗုံးကြဲနေတာ။ ပြောရရင်တော့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘယ်နေရာမှ မလုံခြုံတော့ဘူး”

အန္တရာယ်တွေရှိနေပေမဲ့ ခူးဆမ်နဲ့ သူ့ရဲ့ လက်ကျန်လုပ်ဖော်ကိုင်ဖက် လက်တစ်ဆုပ်စာအတွက်ကတော့ တိုက်ပွဲတွေကို မှတ်တမ်းတင်ဖို့ သူတို့ကို တစ်စုံတစ်ရာက စေ့ဆော်တိုက်တွန်းနေသလို ဖြစ်လာပါတော့တယ်။ သူတို့မှာ ကျည်ကာဝတ်စုံလည်းမရှိတဲ့အတွက် တစ်ခါတစ်လေ အကာအကွယ်အတွက် မော်တော်ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းကြရပါတယ်။ ခူးဆမ်ရဲ့ ကင်မရာမှန်ဘီလူးတစ်ခု ပျက်စီးသွားပြီး လုပ်ဖော်ကိုင်ဖက်တချို့ဆိုရင် ကင်မရာအတွက် ဓာတ်ခဲအပိုတောင် မရှိတော့တဲ့အခြေအနေထိ ကြုံတွေ့ခဲ့ရပါတယ်။
“မြန်မာနိုင်ငံက ဓာတ်ပုံဆရာတွေအားလုံး အခုအချိန်မှာ တကယ့်ကို ခက်ခက်ခဲခဲ ရုန်းကန်နေရတယ်” လို့ ခူးဆမ်က ပြောပါတယ်။ "ဒီအလုပ်က အန္တရာယ်ရှိတယ်၊ ကျည်ဆန်မှန်နိုင်တယ်ဆိုတာ ကျွန်တော်တို့သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိဘူး၊ ဒါကြောင့် အဲဒီလမ်းပဲ သွားလိုက်တာ"

အခုနှစ် ဖေဖော်ဝါရီနဲ့ မတ်လမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာ ခူးဆမ်ဟာ တိုက်ပွဲတွေ ယာယီရပ်တန့်နေတဲ့ အရိပ်အယောင်ရှိတဲ့ ရှေ့တန်းစစ်မျက်နှာတွေကို တင်ပြထားပါတယ်။ နောက်ထပ်ဗုံးကြဲမှုတစ်ခုကနေ လွတ်လာပြီး တော်လှန်ရေးသမားတွေရဲ့ကားနံဘေးက ဖြတ်လျှောက်သွားတဲ့ ကြုံလှီဖျော့တော့ နွမ်းနယ်နေတဲ့ အရပ်သားမိသားစုတစ်စု၊ ဒဏ်ရာအပြင်းအထန်ရထားတဲ့စစ်သားတစ်ဦးကို ဆေးတပ်သားက ကုသပေးနေပုံ၊ လက်နက်ကြီးအကာအကွယ်အတွက် ဘုရားကျောင်းတစ်ကျောင်းထဲမှာ နေရာယူထားတဲ့ တော်လှန်ရေးတပ်သားပုံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ရယ်ရွှင်ကြည်မွေ့စရာ ပေါ့ပေ့ါပါးပါး အခိုက်အတန့်လေးတွေကိုလည်း ပုံရိပ်ဖမ်းယူထားတတ်ပါသေးတယ်။ လူငယ်တော်လှန်ရေးတပ်သားလေးတွေ မြစ်ထဲမှာ ရေချိုးရင်း ပြုံးပျော်နေကြပုံ၊ တပ်သားတစ်ယောက်က မျောက်လိမ္မာလေးတစ်ကောင်ကို ကလေးတစ်ယောက်လို ပွေ့ပိုက်ထားပုံတွေပါ။

“ကျွန်တော့်အတွက်တော့ ဒါဟာ သမိုင်းပါ။ နိုင်ငံ့သမိုင်းနဲ့ ပြည်သူတွေရဲ့ သမိုင်းပါပဲ” လို့ ခူးဆမ်က ရေးထားပါတယ်။ သူနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေဟာ “ပြည်သူတွေ သတင်းအမှန် သိနိုင်ဖို့အတွက် ပြောင်းလဲနေတဲ့သမိုင်းကို မှတ်တမ်းတင်ဖို့ ကြိုးစားနေကြတာပါ” လို့ သူက ဆိုပါတယ်။

ဒီခံစားချက်က ခူးဆမ်ကို တွန်းအားပေးနေပါတယ်။ ခူးဆမ်ဟာ ရှေ့တန်းကိုသွားရတဲ့ အခေါက်တိုင်း သူ့ကိုယ်သူ နှစ်သိမ့်အားပေးဖို့ ဂါထာလေးတစ်ခု အမြဲရွတ်ပါတယ်တဲ့။
"ကျွန်တော် အခုလို ဆုတောင်းပါတယ်- ဒီနေ့ ငါသေချင်လည်း သေမယ်၊ ဒါပေမဲ့ ငါ့ရဲ့နောက်ဆုံးဓာတ်ပုံက လတ်တလော ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေပဲ ဖြစ်လိမ့်မယ်"







Produced by Gemunu Amarasinghe
-------------
Written by Abby Seiff
-------------
Visual editing by Charlie Dharapak, H. Léo Kim, Paul Nelson
-------------
Web page produced by Minh-Ha Le
-------------
© 2024 Radio Free Asia
-------------
Facebook - Youtube - Twitter
Back to top