၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စီတန်းလှည့်လည်ပြသမှုတွင် သံချပ်ကာကားနှင့် တင့်ကားများကို တွေ့ရစဉ်။ Credit: Gemunu Amarasinghe/AP

လက်နက်ကိုင်အပယ်ခံများ

(စစ်တပ်အုပ်စိုးတဲ့ မြန်မာမှာ မဟာမိတ်ရှာဖွေသူ ရုရှား)

ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်ကာလတုန်းက တည်ဆောက်ခဲ့တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ လတ်တလော နှစ်နိုင်ငံစလုံးအပေါ် နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုတွေကြောင့် စိတ်ဝင်စားစရာ ပြန်ကောင်းလာပြီဖြစ်ပါတယ်


RFA ဆောင်းပါးရှင် - Luna Pham

(ဘာသာပြန် - ကလျာလွင်)

၂၀၂၃ ဒီဇင်ဘာ ၄ ရက်

မြန်မာနိုင်ငံကို ဆိုးရွားတဲ့ပြည်တွင်းစစ်ဆီ ဦးစိုက်ကျသွားစေတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုအပြီး တစ်လအကြာမှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသတင်းစာတစ်စောင်နဲ့ ရှားပါးအင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအင်တာဗျူးမှာ သူက မြန်မာပြည်သူပြည်သားတွေက ဗုဒ္ဓဘာသာဝင်ပီပီ “တည်ငြိမ်အေးချမ်းမှု”ကို လိုလားနှစ်သက်တယ်ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။ ရုရှားလို “စစ်မှန်တဲ့မိတ်ဆွေဟောင်း” တွေအပေါ် မေတ္တာထားတယ်ဆိုတာကိုလည်း ထည့်သွင်းပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ရဲ့ ရင်းနှီးမှုဟာ ပြင်ပက အမျိုးမျိုးသော အကြောင်းအရာတွေပေါ် တည်မှီနေတာ မဟုတ်ပါဘူး” လို့ သူက Moskovsky Komsomolets သတင်းစာကို ပြောပါတယ်။ “ဒီဆက်ဆံရေးဟာ ထာဝရတည်မြဲနေမယ်ဆိုတာ သေချာပါတယ်” လို့လည်း ဆက်ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဘာသာရေးအရ ဆွဲဆောင်မှုက လူအနည်းအကျဉ်းကိုသာ စည်းရုံးကောင်းစည်းရုံးနိုင်မှာ ဖြစ်ပေမယ့် မြန်မာ-ရုရှားဆက်ဆံရေးအပေါ် သူရဲ့ ဖော်ပြချက်တွေကတော့ မှန်ကန်ဖွယ်ရာ ရှိနေပါတယ်။ ဗြိတိန်ဆီက မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးချိန် စစ်အေးကာလတုန်းက တည်ဆောက်ခဲ့တဲ့ ဒီဆက်ဆံရေးဟာ သက်ဆိုင်ရာ နှစ်ဖက်အာဏာရှင် စစ်အစိုးရတွေအနေနဲ့ နိုင်ငံတကာဖိအားတွေ ရင်ဆိုင်နေရတဲ့အတွက် တစ်ဖန်ပြန်ပြီး အရေးပါလာပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ် သုံးခုက ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက်မှာ နှစ်နိုင်ငံကြားမှာ ထိတွေ့ဆက်ဆံမှု နည်းပါးခဲ့ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ သူတို့ ရင်ဆိုင်နေရတဲ့ နိုင်ငံတကာက ပြစ်တင်ရှုတ်ချမှုတွေကြောင့် စည်းလုံးမိသွားတာပါ။ နေပြည်တော်အစိုးရဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ၂၀၂၁ မှာ စစ်အာဏာသိမ်းပြီး ဖြုတ်ချခဲ့တာကြောင့် နိုင်ငံတကာက ပြစ်တင်ခံနေရတာဖြစ်ပြီး မော်စကိုအစိုးရကတော့ အဆိုပါစစ်အာဏာသိမ်းမှုအပြီး တစ်နှစ်အကြာမှာ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲခဲ့တာကြောင့်ပါ။

“သူတို့ကြားက ဆက်ဆံရေးကို ပိုနက်နက်ရှိုင်းရှိုင်းတည်ဆောက်ပြီး ကမ္ဘာကိုလုပ်ပြနေတာက သူတို့ရဲ့ အထီးကျန်မှုကို လျှော့ချနေတဲ့ နည်းလမ်းတစ်ခုပါပဲ” လို့ ပိုလန်နိုင်ငံ Jagiellonian တက္ကသိုလ်က မြန်မာ့အရေးလေ့လာသူ မီဟယ် လူဘီနာ (Michal Lubina) က ပြောပါတယ်။

“နိုင်ငံခြားရေးမူဝါဒအရတော့ တရုတ်နိုင်ငံက မြန်မာအတွက် အမြဲတမ်းထိပ်တန်းဦးစားပေးပဲ။ အမှန်စင်စစ် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးတွေက သူတို့ပြနေသလောက်တော့ ခိုင်မာချင်မှခိုင်မာမယ်။ ဒါပေမဲ့ ရုရှားနိုင်ငံက ခုဆိုအန္တရာယ်ကြီးစွာပဲ ဦးစားပေးနေရာကို တက်လာပါပြီ” လို့လည်း ဆိုပါတယ်။

နှစ်ဖက်စလုံးဟာ ပိတ်ဆို့မှုတွေခံထားရတဲ့ စီးပွားရေးစနစ်တွေကြားမှာ ကုန်သွယ်မှုပြုလုပ်ဖို့ ရှာဖွေကြခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ရုရှားက မြန်မာကို စစ်လက်နက်တွေ ရောင်းချခြင်းအားဖြင့် ကုန်သွယ်ကြတာပါ။ နှစ်နိုင်ငံက အဆင့်မြင့်အရာရှိတွေကြားမှာလည်း ဆက်သွယ်မှုတွေ ရှိထားပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီး မြန်မာစစ်ကောင်စီက ရုရှားနိုင်ငံရဲ့အပြုအမူတွေကို ကာကွယ်လိုက်ပြီးတဲ့နောက်မှာ သမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။


minaunghlaing-putin2
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့က Vladivoctok တွင် ကျင်းပခဲ့သော 2022 Eastern Economic Forum ကျင်းပနေစဉ် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က မြန်မာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သီးခြားတွေ့ဆုံခဲ့စဉ်။ Credit: Valery Sharifulin/Sputnik/AFP

ရွှေတိဂုံကို ခြေဗလာနဲ့ တက်ပြခဲ့တဲ့ ခရူးရှက်

ဒီဆက်ဆံရေးရဲ့ အစဦးဆုံးကတော့ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံဆီက လွတ်လပ်ရေးရခဲ့ပြီးနောက် နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံသွားခဲ့တဲ့ အစောပိုင်းခရီးစဉ်ကနေ စတင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် ၇ နှစ်အကြာမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ခေါင်းဆောင်ပိုင်းက လာရောက်လည်ပတ်ပါတယ်။ မော်စကိုဟာ အာရှနဲ့ အာဖရိကမှာရှိတဲ့ နိုင်ငံငယ်လေးတွေနဲ့ ဆက်ဆံရေးတည်ဆောက်လိုပြီး အဆိုပါနိုင်ငံငယ်လေးတွေကို အနောက်နိုင်ငံတွေနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မပြုလုပ်နိုင်အောင် တားဆီးချင်တာလည်း ဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်မှာ ကွန်မြူနစ်ပါတီရဲ့ ပထမအတွင်းဝန် နီကီတာ ခရူးရှက် (Khrushchev) နဲ့ သူ့ရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝန်ကြီးချုပ် နီကိုလိုင် ဘူဂါနင် (Nikolai Bulganin) တို့ဟာ ရန်ကုန်ကို ရောက်ရှိခဲ့ရာမှာ မြန်မာအစိုးရခေါင်းဆောင်တို့က နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။

အဲဒီခေတ်အခါက ရိုက်ကူးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တစ်ခုထဲမှာ ပြုံးရွှင်နေတဲ့ ခရူးရှက်က မြန်မာဝန်ကြီးချုပ် ဦးနုရဲ့အပါးမှာ သွားလာနေတဲ့ပုံနဲ့ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ဘေးထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်နေပုံတို့ကို တွေ့မြင်နိုင်ပါတယ်။

အဲဒီနောက် နှစ်အနည်းငယ်အကြာမှာ ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအာဏာရှင်ဖြစ်လာကာ တိုင်းပြည်ကို အထီးကျန်သွားစေပြီး တစ်ပြည်လုံးကို စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ ထားရှိလိုက်ပါတော့တယ်။

နာမည်ကျော် ဆိုဗီယက်လူမျိုး ဒါရိုက်တာဖြစ်တဲ့ ရိုမန် ကာမင် (Roman Karmen) ထုတ်လုပ်တဲ့ “In the Hospitable Land Of Burma” အမည်ရှိ ရုပ်ရှင်ကားမှာ ရန်ကုန်မှာရှိတဲ့ တိုင်းပြည်ရဲ့အကျော်ကြားဆုံး ဗုဒ္ဓဘာသာနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံဘုရားပေါ်မှာ ဆိုဗီယက်ပြည်ထောင်စုခေါင်းဆောင်က ခြေဗလာနဲ့ လမ်းလျှောက်ခဲ့တာကို ဖော်ပြခဲ့ပါတယ်။

မန္တလေးနဲ့ ရှမ်းပြည်နယ်တို့ကိုပါ သွားရောက်ခဲ့တဲ့ အဲဒီအလည်အပတ်ခရီးစဉ်ဟာ တစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီး ခရီးစဉ်ပြီးဆုံးချိန်မှာတော့ နှစ်ဖက်စလုံးဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ သိပ္ပံပညာနဲ့ နည်းပညာနယ်ပယ်တို့မှာ မြန်မာ-ဆိုဗီယက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပူးတွဲထုတ်ပြန်ချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ခရီးစဉ်အပြီး တစ်လအကြာမှာ ဆိုဗီယက်ပြည်ထောင်စုရဲ့ ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီက ထုတ်ပြန်တဲ့ မှတ်စုတစ်ခုမှာ “မြန်မာခေါင်းဆောင်တွေဟာ ကျွန်ုပ်တို့ (ရုရှားနိုင်ငံ) ရဲ့အနေအထားနဲ့ ဆက်စပ်နေတဲ့ သို့မဟုတ် သူတို့ (မြန်မာနိုင်ငံ) နဲ့လည်း ပိုမိုနီးစပ်လာတဲ့ အရေးကြီးကိစ္စရပ်တွေဖြစ်တဲ့ အဏုမြူလက်နက်ပိတ်ပင်ဖို့အပါအဝင် လက်နက်ဖျက်သိမ်းရေး၊ စစ်အုပ်စုတွေအကြောင်း သဘောထား၊ ဂျနီဗာအစည်းအဝေးရဲ့ အကဲဖြတ်ချက်တို့နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်တွေကို ဖော်ပြခဲ့တယ်” လို့ ရေးသားထားပါတယ်။

“ဦးနုက မြန်မာ့ဆန်ကို ကျွန်တော်တို့ဆီရောင်းဖို့အတွက် အရမ်း စိတ်အားထက်သန်နေပါတယ်” လို့လည်း မှတ်စုထဲမှာ ဆိုထားပါတယ်။

“ရဲဘော် ခရူးရှက် နဲ့ ဘူဂါနင်တို့က မြန်မာပြည်သူတွေအတွက် လက်ဆောင်အဖြစ် ရန်ကုန်မှာ နည်းပညာသိပ္ပံတစ်ခု တည်ထောင်ပေးဖို့ ပြောကြားခဲ့ပါတယ်”



ခရူးရှက်က ၁၉၆၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် လာရောက်လည်ပတ်ပါတယ်။ အဲဒီခရီးစဉ်မှာလည်း သူဟာ အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ရော သမ္မတဦးဝင်းမောင်နဲ့ရော တွေ့ဆုံခဲ့ပါတယ်။

နောက်ဆက်တွဲဆယ်စုနှစ်ကာလတွေမှာတော့ ရုရှားအတွက် မြန်မာရဲ့ ဗျူဟာကျကျ အရေးပါမှုဟာ စစ်အေးကာလပြီးဆုံးသွားမှုနဲ့အတူ လျော့ပါးလာပေမယ့် မြန်မာ-ရုရှားဆက်ဆံရေးက နှစ်ဖက်စလုံးရဲ့ လှုပ်လှုပ်ခတ်ခတ်သမိုင်းကြောင်းတွေနဲ့ပဲ ဆက်လက်တည်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ နှစ်နိုင်ငံစလုံးအနေနဲ့ သူတို့ရဲ့အပယ်ခံအနေအထားကို ဖြတ်ကျော်ဖို့ရာ အဲဒီဆက်ဆံရေးဟာ ပြန်လည်အရေးပါလာပြီလို့ ယူဆရပါတယ်။

“ရုရှားတွေဟာ ရန်ကုန်မှာ သံရုံးအကြီးကြီးတစ်ခု အမြဲရှိတယ်” လို့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကြီး လုဗစ် ဝေဘာလော့ရှ် (Ludwig Weber-Lortsch) က ပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ တခြားပြင်ပကမ္ဘာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်း လက်အောက်ခံကာလတွေမှာတောင် သူတို့ရဲ့ ဆက်ဆံရေးက ဘယ်တုန်းကမှ ပြတ်တောက်မသွားခဲ့ဖူးဘူး” လို့လည်း ဝေဘာလော့ရှ်က ဆိုပါတယ်။

“ပထဝီအနေအထားအရ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကွာဝေးနေတာကြောင့် တိုင်းရင်းသားဒေသ အကြမ်းဖက်မှုတွေ၊ နယ်စပ်ရေးရာတင်းမာမှုတွေလို တိုင်းပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ပါဝင်ပတ်သက်မှု မရှိဖူးတာလည်း ဖြစ်တယ်”

“တရုတ်ရဲ့ စီမံကိန်းတွေက မြန်မာနိုင်ငံမှာ ပိုပိုပြီး အင်အားကြီးလာတယ်။ ဒါပေမဲ့ အိမ်နီးချင်းတွေအနေနဲ့ သူတို့နှစ်နိုင်ငံကြားက ဆက်ဆံရေးကတော့ ပိုပိုပြီး ရှုပ်ထွေးလာတယ်” လို့ သူကထပ်လောင်း ပြောဆိုလိုက်တာပါ။


russian-embassy-yangon.jpg
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရန်ကုန်ရှိ ရုရှားသံရုံးအပြင်ဘက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပြသနေကြစဉ်။ Credit: Ye Aung Thu/AFP

ပါဝါအပျော့လွှမ်းမိုးရေးအတွက် ဘောလုံးအားကစား

ဘောလုံးအားကစားဟာ အဲဒီအစောပိုင်းနှစ်ကာလတွေက မြန်မာနိုင်ငံမှာ ရုရှားက အသုံးပြုခဲ့တဲ့ ပါဝါအပျော့လွှမ်းမိုးရေးအတွက် ထင်မထားတဲ့ လက်နက်တစ်ခု ဖြစ်လာပါတယ်။

၁၉၅၅ ခုနှစ် အလည်အပတ်ခရီးစဉ်အတွင်းမှာ ခရူးရှက်နဲ့ ဘူဂါနင်တို့ဟာ ရန်ကုန်မှာ ဧည့်သည်တော်ဘောလုံးအသင်းအဖြစ် ရောက်ရှိနေတဲ့ လိုကိုမိုတစ် မော်စကို (Lokomotiv Moscow)အသင်းဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

Lokomotiv အသင်းဟာ အဲဒီအချိန်တုန်းက အာရှတစ်ခွင် အလည်အပတ်ခရီးစဉ်လှည့်လည်သွားလာနေခြင်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း အင်ဒိုနီးရှားအသင်းနဲ့ ခြောက်ပွဲ၊ အိန္ဒိယအသင်းနဲ့ နှစ်ပွဲနဲ့ မြန်မာအသင်းနဲ့ နှစ်ပွဲ ချစ်ကြည်ရေး ကစားခဲ့ပါတယ်။ ရန်ကုန်မှာ ကစားခဲ့တဲ့ ၇ ဂိုး - ၁ ဂိုးနဲ့ ၁၀ ဂိုး - ဂိုးမရှိ ရလဒ်တွေ ရရှိခဲ့တဲ့ ကစားပွဲတွေအပါအဝင် ပွဲအားလုံးမှာ Lokomotiv အသင်းကပဲ အနိုင်ရခဲ့ပါတယ်။

မြန်မာဘောလုံးအသင်း ပရိသတ်တွေကတော့ မြန်မာအမျိုးသားလက်ရွေးစင်အသင်းရဲ့ ရုရှားနည်းပြနှစ်ဦးဖြစ်တဲ့ မစ်ခေးလ် ဘိုဇင်ညန်ကော့ (Mikhail Bozenenkov) နဲ့ ဂျာမန် ဇိုနင် (German Zonin) တို့ကို အခုထိ အမှတ်ရနေကြဆဲပါ။

Bozenenkov ဟာ မြန်မာအမျိုးသားလက်ရွေးစင်အသင်းရဲ့ နည်းပြအဖြစ် ၁၉၆၁ ခုနှစ်ကနေ ၁၉၆၅ ခုနှစ်ထိ ဆောင်ရွက်ခဲ့ပါတယ်။ သူ့လက်ထက်မှာ အသင်းအနေနဲ့ ၁၉၆၁ ခုနှစ်၊ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲမှာ အဲဒီအချိန်တုန်းက ရဖို့မလွယ်လှတဲ့ ငွေတံဆိပ်ဆုကို ရရှိခဲ့ပါတယ်။

“သူက ဆိုဗီယက်ပြည်ထောင်စုမှာ အားကစားနဲ့ပတ်သက်ပြီး ဒေါက်တာဘွဲ့ယူထားပြီး ရုရှားအမျိုးသားဘောလုံးအသင်းမှာလည်း ပါဝင်ကစားခဲ့တယ်။ ဒါကြောင့်လည်း သူက အရမ်းတော်တာပေါ့” လို့ မြန်မာဘောလုံးအသင်းသားဟောင်း မောင်မောင်က ပြောပါတယ်။

Bozenenkov နောက်ပိုင်းမှာ ဂျာမန် ဇိုနင်က အသင်းကို ၁၉၆၄ ခုနှစ်ကနေ ၁၉၆၈ ခုနှစ်ထိ တာဝန်ယူခဲ့ပါတယ်။ သူ့လက်ထက်မှာတော့ မြန်မာအသင်းဟာ ၁၉၆၆ ခုနှစ်၊ အာရှဖလားပြိုင်ပွဲမှာ ရွှေတံဆိပ်တစ်ခုနဲ့ မာဒေးကားဖလားပြိုင်ပွဲမှာ တွဲဖက်ရွှေတံဆိပ်တို့ ရရှိခဲ့တဲ့အပြင် ၁၉၆၅ ခုနှစ်နဲ့ ၁၉၆၇ ခုနှစ်၊ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲတွေမှာလည်း ထိပ်တန်းဆုတွေ ရရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက PeaceNexus Foundation ရဲ့ ၂၀၂၂ ခုနှစ်၊ သုတေသနစာတမ်းတစ်ခုမှာ “မြန်မာနိုင်ငံမှာ ပါဝါအပျော့လွှမ်းမိုးရေးအတွက် ရုရှားရဲ့ အောင်မြင်စွာ အသုံးချနိုင်မှုကို ကျယ်ပြန့်စွာ ရှုမြင်ခဲ့ရတယ်” လို့ ပါဝင်ပါတယ်။

“အများကြိုက် တန်ဖိုးထားမှုတစ်ခုအပေါ် အခြေခံပြီး တည်ဆောက်လိုက်တာပေါ့။ မြန်မာစစ်တပ်ရဲ့ လက်နက်ကိုင်ရန်သူတွေကို ထောက်ပံ့ခဲ့တဲ့ သမိုင်းကြောင်းလည်းမရှိဘူး။ အငြင်းပွားစရာ စီမံကိန်းအကြီးစားတွေလည်း မလုပ်ခဲ့ခဲ့ဘူး။ မြန်မာနိုင်ငံရဲ့ အမျိုးမျိုးကွဲပြားနေတဲ့ နိုင်ငံရေးလက္ခဏာရပ်တွေမှာလည်း ဝင်ရောက်မပါဝင်ခဲ့ဖူးဘူး။ ပြီးတော့ နယ်ချဲ့ဝါဒလည်း မကျင့်သုံးဖူးဘူးလေ”

PeaceNexus ပြောတဲ့အထဲမှာ အံ့အားသင့်ဖွယ်ဖြစ်နိုင်ခြေတစ်ခုက ပါဝါအပျော့ဟာ ဘာသာရေးဘက်ကိုလည်း ချဲ့ထွင်နေတယ်လို့ ပါဝင်ပါတယ်။ ရုရှားရဲ့ အဓိကဘာသာဟာ ခရစ်ယာန်ဘာသာဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဦးရေဟာ ခန့်မှန်းခြေ ခုနစ်သိန်းကနေ ၁.၅ သန်းထိ ရှိပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ (Sergei Shoigu) ဟာ ဗုဒ္ဓဘာသာကို အဓိကကိုးကွယ်တဲ့ ဆိုက်ဘေးရီးယားတောင်ပိုင်း Tuva ဒေသကပါ။

ခရူးရှက်နဲ့ ဘူဂါနင်တို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့နှစ်ကာလပိုင်းမှာ မွေးဖွားခဲ့တဲ့ ရွှိုင်ဂူက ဗုဒ္ဓဘာသာ ကိုးကွယ်ကျင့်သုံးသူတစ်ဦးတော့ မဟုတ်ပေမယ့် “ဗုဒ္ဓဘာသာရိုးရာအစဉ်အလာတွေနဲ့ သင်္ကေတတွေကို ဂရုတစိုက်ရှိသူတစ်ဦးပါ” လို့ PeaceNexus ရဲ့ အဆိုအရ သိရပါတယ်။

ဒီအချက်ဟာ သူနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ကြားက ပုဂ္ဂိုလ်ရေးဆိုင်ရာ ရင်းနှီးမှုတစ်ခုတည်ဆောက်ဖို့ အထောက်အပံ့ဖြစ်စေပုံ ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဇွန်လမှာ မော်စကိုမြို့တော်ကို အလည်အပတ်လာရောက်စဉ်အတွင်း ရွှိုင်ဂူက “ချစ်မိတ်ဆွေ” လို့ ရည်ညွှန်းခဲ့ပြီး ရုရှား-မြန်မာဆက်ဆံရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်မှုကိုပါ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။


russia-myanmar07.jpg
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ (ဝဲ)နှင့် မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မော်စကိုတွင် မတွေ့ဆုံမီ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်။ Credit: Russian Defence Ministry/AFP

အပယ်ခံနိုင်ငံများ ညီအစ်ကိုဖွဲ့ခြင်း

၁၉၈၈ ခုနှစ်မှာ ဒီမိုကရေစီအရေး ဆန္ဒပြသူတွေကို ရက်ရက်စက်စက်နှိမ်နင်းခဲ့လို့ မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပြီး ဒဏ်ခတ်ခံခဲ့ရပြီးနောက် မြန်မာစစ်တပ်ဟာ လက်နက်ပိတ်ပင်ကန့်သတ်မှုနဲ့ နိုင်ငံတကာရဲ့ပစ်ပယ်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ရုရှားနိုင်ငံကတော့ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်က အရာရှိအဆင့်တွေအတွက် နိုင်ငံရပ်ခြားပညာသင်လို့ရနေတဲ့ တိုင်းပြည်တစ်ခုအဖြစ် ဆက်လက်ရပ်တည်ခဲ့ပါတယ်။ International Crisis Group က ထုတ်ပြန်တဲ့အစီရင်ခံစာတစ်စောင်မှာ ၂၀၀၁ ခုနှစ်က စတင်ပြီး ရုရှားနိုင်ငံက မြန်မာစစ်အရာရှိအရေအတွက် ၇၀၀၀ ကျော်ကို ဘွဲ့လွန်ပညာပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ကလည်း ရုရှားနိုင်ငံကို အလွန်ရင်းနှီးချစ်ခင်တဲ့စိတ်ထားရှိနေတာ ထင်ရှားပါတယ်။ သူဟာ မော်စကိုမြို့တော်ကို ခြောက်ကြိမ်တိတိ သွားရောက်လည်ပတ်ခဲ့ပြီး ရုရှားလူမှုကွန်ရက်ဖြစ်တဲ့ VK (V Kontakte) မှာတောင် account တစ်ခု ရှိပါတယ်။

အပြန်အလှန်အနေနဲ့ ရုရှားကလည်း သံတမန်ရေးရာအကူအညီကို‌ ပေးပါတယ်။ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုး ခုနစ်သိန်းခွဲလောက်ကို နေရပ်စွန့်ခွာထွက်ပြေးစေမှုနဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေချိန်မှာ မော်စကိုဟာ နှုတ်ဆိတ်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းယူပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီကို ကာကွယ်ပေးခဲ့တဲ့ လက်တစ်ဆုပ်စာနိုင်ငံတွေထဲမှာ ရုရှားဟာ တစ်နိုင်ငံအပါအဝင် ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုဟာ “ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့” လို့ ဖော်ပြပြီး ရုရှားနိုင်ငံကို ကာကွယ်ခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကျူးကျော်မှုကို ပထမအချက်အနေနဲ့ “ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲစေရေးအတွက် လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်” လို့ ရှုမြင်ကြောင်း RFA မြန်မာပိုင်းအစီအစဉ်က မေးမြန်းရာမှာ ပြောခဲ့ပါတယ်။ ဒုတိယအချက်အနေနဲ့ ရုရှားနိုင်ငံဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ “ကမ္ဘာ့အင်အားချိန်ခွင်လျှာညီမျှရေးမှာ အင်အားကြီးနိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိfကြောင်း ကမ္ဘာကို လက်တွေ့ ပြသနိုင်ခဲ့တာ” လို့ ရှုမြင်ကြောင်းပြောပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသူ မီဟယ်လူဘီနာ ကတော့ ယူကရိန်းစစ်ပွဲဟာ ရုရှား-မြန်မာ ဆက်ဆံရေးမှာ အလှည့်အပြောင်းတစ်ရပ် ဖြစ်တယ်လို့ ရှုမြင်ပါတယ်။

“စစ်အာဏာသိမ်းပြီးနောက်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မော်စကိုမြို့တော်ကို နှစ်ခေါက်သွားခဲ့ပေမယ့် ဗလာဒီမာ ပူတင်က လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပါဘူး”

“ယူကရိန်းကို ကျူးကျော်စစ်ပြုလုပ်ပြီး အနောက်နိုင်ငံတွေက အပယ်ခံနိုင်ငံအဖြစ် ဒဏ်ပေးလိုက်တဲ့အချိန်မှသာ ရုရှားဟာ မြန်မာနဲ့ သူမသာကိုယ်မသာ အနေအထားတစ်ရပ်ကို ရောက်သွားပြီဆိုတာ သိလိုက်ရတာပါ” လို့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး စာအုပ်ခြောက်အုပ်တိတိ ရေးသားခဲ့ဖူးတဲ့ လူဘီနာက ပြောပါတယ်။ “နောက်ဆုံးတော့ ၂၀၂၂ ခုနှစ်မှာ သမ္မတပူတင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဗလာဒီဗော့စတော့မှာ ကျင်းပတဲ့ Eastern Economic Forum မှာ သီးခြားတွေ့ဆုံခဲ့ပြီး စစ်ကောင်စီဟာ မော်စကိုရဲ့ အသိအမှတ်ပြုမှုကို အပြည့်အဝ ရရှိခဲ့ပါတော့တယ်”

သူတို့နှစ်ဦးတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြားမှာ အပြန်အလှန် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆောင်ရွက်ခဲ့တာပါ။


russia-myanmar06.jpg
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က Vladivostok တွင် ကျင်းပသော Eastern Economic Forum ၏ မျက်နှာစုံညီကဏ္ဍတွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) မိန့်ခွန်းပြောရန် လျှောက်လာစဉ် မြန်မာကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ခုပ်ဩဘာတီးကာ ဂုဏ်ပြုစဉ်။ Credit: Sergei Bobylev/TASS News Agency/Pool via AP

ပူတင်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှုအောက်က Roscongress Foundation ရဲ့ ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Fund RC-Investments က ကိုယ်စားလှယ်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့ပါတယ်။

နှစ်ဖက်စလုံးဟာ “ခရီးသွားလုပ်ငန်း၊ သတ္တုတူးဖော်ရေး၊ စွမ်းအင်၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍနဲ့ ဘဏ္ဍာရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု” မြှင့်တင်ဖို့ ဆန္ဒရှိကြတယ်လို့ The Irrawaddy သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာတော့ ရုရှားနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာလေဆိပ်သုံးခုမှာ ကြိုတင်လျှောက်ထားစရာ မလိုဘဲ ရက် ၃၀ “အထူး” အလည်အပတ်ဗီဇာကို ရယူနိုင်လာပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လအထိ စမ်းသပ်ကာလ သတ်မှတ်ပေးထားတဲ့ အဆိုပါစီမံချက်ဟာ ဥရောပနိုင်ငံတော်တော်များများက ခရီးသွားခွင့်ပိတ်ပင်ခံထားရလို့ လည်ပတ်စရာ နေရာသစ်ရှာဖွေနေကြတဲ့ ရုရှားနိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

Myanmar Airways International ကလည်း ရန်ကုန်-မန္တလေးနဲ့ ရုရှားနိုင်ငံက နိုဗိုဆီဗစ် (Novosibirk) တို့အကြား တိုက်ရိုက်လေကြောင်းလိုင်းတွေကို တစ်ပတ်ကို နှစ်ကြိမ် ပျံသန်းပေးနေတာရှိပါတယ်။

နှောင်ကြိုးမဲ့လက်နက်များ

‌တရားဝင်အနေနဲ့ မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်ရေးကတော့ အသင့်အတင့်မျှသာ ရှိနေဆဲပါ။ ၂၀၂၁ ခုနှစ်မှာ ရုရှားနိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၇၀ တန်ဖိုးရှိတဲ့ ကုန်စည်တွေကို တင်ပို့ခဲ့ပါတယ်။ အဓိကကုန်စည်ကတော့ ရေကြောင်းဆိုင်ရာကိရိယာတွေ၊ ယာဉ်တွေ၊ စက်ပစ္စည်းတွေ ဖြစ်ပါတယ်။ မြန်မာကတော့ အလားတူခုနှစ်ထဲမှာပဲ ရုရှားနိုင်ငံကို အမေရိကန်ဒေါ်လာ ၁၄၅ သန်းတန်ဖိုးရှိတဲ့ အထည်အလိပ်တွေ တင်ပို့ခဲ့ပါတယ်။

ဒါပေမဲ့ လက်နက်ကုန်သွယ်မှုကတော့ တရားဝင်ကုန်သွယ်မှုစာရင်းဇယားမှာ မပါဝင်ခဲ့ပါဘူး။


russia-myanmar-military
၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန် သီလဝါဆိပ်ကမ်းတွင် နှစ်နိုင်ငံ ပူးတွဲရေတပ်လေ့ကျင့်မှု မပြုလုပ်မီ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားရေတပ်စစ်သည်တပ်ဖွဲ့ကို အလေးပြုနှုတ်ဆက်စဉ်။ Credit: AFP/Myanmar Military Information Team

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်တဲ့ တွမ်အင်ဒရူး (Tom Andrews) က လူ့အခွင့်အရေးကောင်စီထံ တင်သွင်းတဲ့ အစီရင်ခံစာတစ်စောင်မှာ လွန်ခဲ့တဲ့နှစ်နှစ် အာဏာသိမ်းလိုက်ချိန်ကစပြီး ရုရှားနိုင်ငံက လက်နက်အမြောက်အမြားနဲ့ ဆက်စပ်ပစ္စည်းကိရိယာတွေကို မြန်မာစစ်ကောင်စီထံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါအစီရင်ခံစာထဲမှာ နိုင်ငံပိုင်ကုမ္ပဏီတွေအပါအဝင် ရုရှားကုမ္ပဏီ ၂၈ ခုထံက ဒေါ်လာ ၄၀၆ သန်း တန်ဖိုးနဲ့ တရုတ်ကုမ္ပဏီတွေထံက ဒေါ်လာ ၂၆၇ သန်းတန်ဖိုး အသီးသီးရှိတဲ့ လက်နက်ရောင်းဝယ်မှုတွေကို ဖော်ထုတ်ထားပါတယ်။

“အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံပိုင်ကုမ္ပဏီတွေအပါအဝင် ရုရှားကုမ္ပဏီတွေက ဖိုက်တာဂျက်လေယာဉ်တွေ၊ အဆင့်မြင့်ဒုံးကျည်စနစ်တွေ၊ ကင်းထောက်နဲ့တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ဖိုက်တာဂျက်လေယာဉ်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တခြားစနစ်တွေအတွက် အပိုပစ္စည်းတွေကို လွှဲပြောင်းပို့ဆောင်ခဲ့တယ်” လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

၁၉၉၀ ပြည့်နှစ်များမှာ မြန်မာနိုင်ငံအပေါ် ဩဇာလွှမ်းမိုးမှုရှိတဲ့ မြောက်ပိုင်းအိမ်နီးချင်း တရုတ်နိုင်ငံဟာ ခန့်မှန်းခြေ ဒေါ်လာ ၁.၆ သန်းတန်ဖိုးရှိတဲ့ တင့်ကား၊ စစ်ဘက်သုံးယာဉ်တွေ၊ လေယာဉ်နဲ့ သင်္ဘောတွေကို မြန်မာနိုင်ငံကို ရောင်းချခဲ့ပြီး အဓိကလက်နက်ရင်းမြစ်တစ်ခု ဖြစ်ခဲ့တယ်လို့ Stockholm International Peace Research Institute (SIPRI) က ဆိုပါတယ်။

ဒါပေမဲ့ နောက်ပိုင်းဆယ်စုနှစ်ကာလမှာတော့ မြန်မာစစ်တပ်ဟာ “အရည်အသွေးပိုကောင်းပြီး နိုင်ငံရေးအရ ပါဝင်ပတ်သက်မှု ပိုမိုနည်းပါးတဲ့” ရုရှားက လက်နက်တွေကို ပိုမို ဝယ်ယူလာခဲ့တယ်လို့ လူဘီနာက ပြောပါတယ်။

“တရုတ်လက်နက်တွေက နိုင်ငံရေးနှောင်ကြိုးတွေအမြဲ ရှိတယ်။ ဒါပေမဲ့ ရုရှားလက်နက်တွေကတော့ တရုတ်နဲ့ ယှဉ်ရင် သိပ်ဗျာများနေစရာ မရှိလှဘူးလေ”

၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၉ ခုနှစ်ထိ မြန်မာနိုင်ငံက တရုတ်နိုင်ငံကနေ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံတန်ဖိုးနဲ့ ရုရှားနိုင်ငံကနေ ၁.၄၄ ဘီလျံတန်ဖိုးရှိ လက်နက်တွေ ဝယ်ယူခဲ့တယ်လို့ SIPRI ဒေတာတွေက ဖော်ပြထားပါတယ်။

ရုရှားနိုင်ငံက တရားဝင်ကိန်းဂဏန်းတွေအရတော့ လက်နက်၊ စစ်ဘက်ဆိုင်ရာပစ္စည်းတွေနဲ့ အဏုမြူပစ္စည်းတွေ အပါအဝင် “secret code” လို့ အမည်ပေးထားတဲ့ပစ္စည်းအမျိုးအမည်ကို မြန်မာနိုင်ငံဆီ တင်ပို့ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ရှစ်သန်းအောက် ပမာဏကနေ ၂၀၂၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၅ သန်းကျော်ထိ တိုးတက်လာ‌ပြီး ပြည်ပပို့ကုန်အားလုံးရဲ့ ၅၁ % ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“ရုရှားနိုင်ငံရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့တပ်မတော်ဟာ ဒေသတွင်းမှာ အင်အားအကြီးမားဆုံး တပ်မတော်တစ်ရပ် ဖြစ်လာခဲ့ပါပြီ” လို့ မော်စကိုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ဖူးပါတယ်။

သတင်းမီဒီယာတွေရဲ့အဆိုအရ ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလမှာ မြန်မာနိုင်ငံက ရုရှားနိုင်ငံကနေ MiG-29 ဂျက်ဖိုက်တာလေယာဉ်အစီးရေသုံးဆယ်၊ Yak-130 combat trainer ၁၂ ခု၊ Mi-24 နဲ့ Mi-35p ရဟတ်ယာဉ်ဆယ်စီးနဲ့ Pechora-2M လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ရှစ်ခုတို့ကို ဝယ်ယူခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဟာ ရုရှားကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူရဲ့ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ် ကာလအတွင်းမှာ Su-30 Fighter ခြောက်စီး ရယူဖို့ စာချုပ်တစ်ခုကိုလည်း ချုပ်ဆိုခဲ့ပြီး ရုရှားကလည်း နေပြည်တော်ကို Pantsir-S1 ဝေဟင်ပစ်ဒုံးကျည်စနစ်တွေ၊ Orlan-10E စောင့်ကြည့်ရေးဒရုန်းတွေနဲ့ ရေဒါကိရိယာတွေ ထောက်ပံ့ပေးဖို့ အာမခံချက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံလုပ် စစ်သုံးပစ္စည်းကိရိယာတွေကို သိုလှောင်ထိန်းသိမ်းထားရှိဖို့ မြန်မာနိုင်ငံမှာ ပူးတွဲဆားဗစ်စင်တာတစ်ခုကိုပါ ထားရှိခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အဏုမြူလက်နက်ရယူအသုံးပြုဖို့ ရည်မှန်းချက်ရှိနေတယ်ဆိုတဲ့ သံသယတွေ ရှိနေတဲ့ကြားကပဲ ၂၀၂၃ ခုနှစ်အစောပိုင်းမှာ စစ်ကောင်စီဟာ အဏုမြူနည်းပညာနဲ့ သတင်းအချက်အလက်စင်တာ (Nuclear Technology and Information Center) ကို ရုရှားနိုင်ငံပိုင် အဏုမြူနည်းပညာဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ Rosatom State Corporation ရဲ့အကူအညီနဲ့ ရန်ကုန်မှာ တည်ထောင်လိုက်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေရဲ့ ပြောဆိုချက်အရတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ရုရှားနိုင်ငံလုပ် လေယာဉ်တွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။


myanmar-russia-army.jpg
လုံခြုံရေးတပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ရာတွင် ဆန္ဒပြသူများ အသုံးပြုခဲ့ပြီးနောက် သိမ်းယူခဲ့သည် ဆိုသည့်ပစ္စည်းများကို မြန်မာစစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က နေပြည်တော်တွင် ရုရှားကာကွယ်ရေးဒုဝန်ကြီး Alexander Fomin ကို ပြသနေစဉ်။ Credit: Handout/AFPTV/Myanmar Radio and Television

အပြန်အလှန်လက်နက်ကုန်သွယ်မှုလား

ယူကရိန်းမှာလည်း စစ်မီးကမငြိမ်းတော့ ရုရှားဟာ မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ ခဲယမ်းမီးကျောက်တွေကို အသုံးပြုနေရတဲ့အပြင် အရင်က မြန်မာနိုင်ငံကို ရောင်းခဲ့တဲ့ စစ်သုံးပစ္စည်းတွေကိုလည်း ပြန်ဝယ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်လာပါတယ်။

ဂျပန်နိုင်ငံ၊ Nikkei Asia သတင်းဌာနက အကောက်ခွန် စစ်ဆေးထားတဲ့ အချက်အလက်တွေကို လေ့လာရာမှာ ရုရှားနိုင်ငံက ယင်းတို့ရဲ့ လက်နက်ဟောင်းတွေ ပိုမိုအစွမ်းထက်စေဖို့ မြန်မာနဲ့ အိန္ဒိယတို့ကို တင်ပို့ထားတဲ့ တင့်ကားတွေနဲ့ ဒုံးကျည်တွေအတွက် အစိတ်အပိုင်းတွေကို ပြန်လည်တင်သွင်းနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အချိန်ကစပြီး အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေက စစ်ပွဲအတွက် သုံးနိုင်ခြေရှိတဲ့ ကုန်ပစ္စည်းတွေကို ရုရှားဆီ တင်ပို့ရောင်းချခြင်းကို တားမြစ်လိုက်ပါတယ်။

ရုရှားစစ်တပ်အတွက် တင့်ကားတွေ ထုတ်လုပ်ပေးနေတဲ့ ရုရှားစက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ UralVagonZavod က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှာ မြန်မာစစ်တပ်ထံက အမေရိကန်ဒေါ်လာ ၂၄ သန်း တန်ဖိုးရှိတဲ့ စစ်သုံးပစ္စည်းတွေကို တင်သွင်းခဲ့တယ်လို့ Nikkei ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

UralVagonZavod ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်က မြန်မာစစ်တပ်ထံကို စစ်သုံးပစ္စည်းတွေ တင်ပို့ခဲ့တာပါ။

လွတ်လပ်တဲ့ သုတေသနစီမံကိန်းတစ်ခုဖြစ်တဲ့ Ukraine Weapons Tracker က ရုရှားစစ်တပ်ဟာ အခုချိန်မှာ 120ER 120mm HE မော်တာဗုံးတွေ အပါအဝင် မြန်မာစစ်တပ်က ထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို အသုံးပြုနေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လက ဆိုထားပါတယ်။

မော်တာဗုံးတွေဟာ တိကျတဲ့ အမြီးပိုင်းအမှတ်အသား၊ စနက်တံနဲ့ ပန်ကာတို့လို လက္ခဏာရပ်တွေ ပါဝင်တယ်လို့ အဆိုပါရင်းမြစ်က ပြောပါတယ်။ အမှတ်အသားအများစုကို ရည်ရွယ်ချက်ရှိရှိ ဖျက်ထားတာတို့၊ အပေါ်ကနေ ဆေးသုတ်ထားတာတို့ ပြုလုပ်ထားတတ်တယ်လို့လည်း ထပ်ပေါင်းဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက သတင်းမီဒီယာတချို့က ရုရှားကြည်းတပ်ရဲ့ first deputy commander ဖြစ်တဲ့ ရုရှားလူမျိုး ဒုတိယဗိုလ်ချုပ်ကြီး အလက်ဇီ ကင်မ် (Colonel-General Alexei Kim) က ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက နေပြည်တော်ကို အလည်အပတ်ရောက်ရှိစဉ်မှာ မြန်မာနိုင်ငံလုပ် လက်နက်ခဲယမ်းတွေကို ဝယ်ယူမယ့် ရုရှားနိုင်ငံရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

ရုရှားနဲ့ မြန်မာဘဏ်တွေအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကြောင့် နှစ်နိုင်ငံစစ်တပ်အတွက် တခြားကုန်စည်တွေအပါအဝင် လက်နက်ခဲယမ်းဝယ်ယူဖို့အတွက် ပိုမိုအခက်တွေ့လာစေပါတယ်။

နှစ်နိုင်ငံစလုံးမှာရှိတဲ့ နိုင်ငံပိုင်ဘဏ်တွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာငွေကြေးစနစ်ကို ရှောင်ကွင်းဖို့အတွက် ရုရှားရူဘယ်ကနေ မြန်မာကျပ်ငွေကို တိုက်ရိုက်ပြောင်းလဲနိုင်မယ့် စနစ်ယန္တရားတစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အခုထက်တိုင် စီစဉ်နေဆဲအဆင့်သာ ဖြစ်ပါတယ်။

၁၉၅၅ ခုနှစ်က နီကီတာခရူးရှက်ရဲ့ အလည်အပတ်ခရီးစဉ်ကာလမှာ ဆိုဗီယက်ခေါင်းဆောင်က “ပို့ဆောင်ရမယ့်ဆန်ဟာ ဆိုဗီယက်ပြည်ထောင်စုထံက ဝယ်ယူတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးအတိုင်း ဖြစ်စေရမယ် ဆိုတဲ့ အခြေအနေတစ်ခုနဲ့” မြန်မာပြည်က ဆန်ကိုဝယ်ဖို့ သဘောတူခဲ့ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါး ကြာလာပြီးနောက်မှာတော့ လက်နက်ကိုင်ညီအစ်ကိုနှစ်ဦးအကြားမှာ အလားတူ အလဲအလှယ် သဘောတူညီချက်တစ်ခု ပေါ်ပေါက်လာတော့မလား ဆိုတာကို စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။