အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေး စစ်ကောင်စီ တိုးမြှင့်ဆောင်ရွက်နေ
“နိုင်ငံတကာကနေ မြန်မာစစ်ကောင်စီ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု မရှိရအောင်လို့ ပိတ်ပင်တားဆီး အရေးယူတာတွေ အခုကတည်းက လုပ်ဖို့လိုအပ်ပါတယ်။”
-
RFA Burmese
2023-10-12 -
-
-
မြန်မာနိုင်ငံရဲ့ နျူကလီးယားအခြေခံ အဆောက်အအုံတွေ တိုးတက်ဖြစ်ထွန်းရေးအတွက် သဘောတူလက်မှတ် ရေးထိုးပြီးပြီလို့ ရုရှားအစိုးရပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom က ကြေညာကြောင်း မော်စကိုအခြေစိုက် Interfax သတင်းက အောက်တိုဘာ ၁၁ ရက် မနေ့ကဖော်ပြပါတယ်။
မြန်မာနိုင်ငံရဲ့ နျူကလီးယား အခြေခံအဆောက်အအုံတွေ တိုးတက်ရေးအတွက် လက်ရှိလိုအပ်ချက်တွေကို ဆုံးဖြတ်ဖို့ နှစ်ဘက်စလုံးက စီစဉ်နေကြောင်း၊ အဏုမြူဓာတ်ပေါင်းဖို တည်ဆောက်ရေး ဦးစားပေးလုပ်ရမယ့်အရာတွေအတွက် အစီစဉ်တစ်ခုရေးဆွဲနေကြောင်း ရုရှားအစိုးရ အဏုမြူကော်ပိုရေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။
တစ်ချိန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးအတွက် စစ်ကောင်စီက တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်လာတာကြောင့် ဒါကို အချိန်မီ တားရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။
“မြန်မာစစ်အုပ်စုဟာ တစ်ဆင့်ပြီးတစ်ဆင့် သူတို့တွေလုပ်ခြင်းအားဖြင့် တစ်ချိန်မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အတွက် လုပ်နေတယ်ဆိုတာက သိသာထင်ရှားတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအနေနဲ့က သတိကြီးကြီးထားပြီး စောင့်ကြည့်ပြီးတော့ စောင့်ကြည့်ရုံတင်မကပါဘူး။ နိုင်ငံတကာကနေ မြန်မာစစ်ကောင်စီ နျူကလီးယားလက်နက် ပိုင်ဆိုင်မှု မရှိရအောင်လို့ ပိတ်ပင်တားဆီး အရေးယူတာတွေ အခုကတည်းက လုပ်ဖို့လိုအပ်ပါတယ်။ လမ်းကြောင်းပေါ် တော်တော်ရောက်ပြီးမှ ပိတ်ဆို့ဖို့ အရေးယူဖို့ အင်မတန်မှ ခဲယဉ်းပါတယ်”
အောက်တိုဘာလ ၆ ရက်နေ့ကလည်း ရုရှားနိုင်ငံ National Research Nuclear University နဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံက တက္ကသိုလ် သုံးခုအကြား နျူကလီးယား နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရန်ကုန်မှာပဲ သဘောတူလက်မှတ် ထိုးခဲ့ပါတယ်။
ဒါဟာ မြန်မာနိုင်ငံ နျူကလီးယား နည်းပညာ တိုးတက်မြင့်မားလာရေးအတွက် ဖြစ်တယ်လို့ လက်မှတ်ထိုးရာမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောပါတယ်။
“ကမ္ဘာပေါ်မှာ အာဏာရှင်တွေအားလုံး နျူကလီးယားအိပ်မက် မက်ကြတာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဒါရှိမှ ထိန်းနိုင်တာကိုး။"
အာဏာသိမ်းပြီးနောက် နှစ်နှစ်မပြည့်ခင်မှာပဲ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားကို သုံးကြိမ်သွားရောက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ပထမအကြိမ်ခရီးစဉ်မှာ နျူကလီးယားကိစ္စ မဆွေးနွေးခဲ့ပေမယ့် ၂၀၂၂ ခုနှစ် ဇူလိုင်နဲ့ စက်တင်ဘာလအတွင်း ခရီးစဉ်တွေမှာတော့ နျူကလီးယားကဏ္ဍဟာ စစ်ခေါင်းဆောင်ရဲ့ အဓိက ဦးစားပေးဖြစ်ခဲ့ပါတယ်။
ရုရှားထံက နျူကလီးယား နည်းပညာ ရရှိရေးကြိုးပမ်းမှုကို ပထမဆုံးအကြိမ် စစ်ကောင်စီ တရားဝင် ထုတ်ပြန်လာတာက ၂၀၂၂ ခုနှစ် ဇွန်လမှာပါ။
စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က စိန့်ပီတာစဘတ်မြို့မှာ ရုရှားအစိုးရပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး နျူကလီးယား စွမ်းအင်ကို မြန်မာနိုင်ငံမှာ ဘယ်လိုသုံးရမလဲဆိုတာ လေ့လာခဲ့တာပါ။
စစ်ကောင်စီရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ် ဇွန်လကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့အထိ ၁၅ လကျော်အတွင်း စစ်ကောင်စီနဲ့ ရုရှားတာဝန်ရှိသူတွေအကြား နျူကလီးယားကဏ္ဍအတွက် သီးခြား ဆွေးနွေးမှုပေါင်း ၁၀ ကြိမ်အထိရှိခဲ့ပါတယ်။
RFA ရဲ့ လေ့လာဆန်းစစ်ချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားသမ္မတ ပူတင် အပါအဝင် ရုရှားအဏုမြူကော်ပိုရေးရှင်း တာဝန်ရှိသူတွေနဲ့ လေးကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ကျန်တဲ့ ခြောက်ကြိမ်ကိုတော့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာန၊ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးဆောင်ပြုလုပ်ခဲ့တာပါ။
နျူကလီးယား နည်းပညာနဲ့ပတ်သက်လို့ စစ်ကောင်စီက ဘာကြောင့် အခုလို အာရုံစိုက်လုပ်ဆောင်နေသလဲ ဆိုတာသိနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒါကြောင့် စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကို မေးကြည့်တော့ အရပ်သားအစိုးရဖြစ်လာရင် ထောက်ပြဝေဖန်တာ၊ တားဆီးတာတွေ များလွန်းလို့ ကိုယ်လုပ်ပိုင်ခွင့်ရချိန်မှာ လိုအပ်တာကိုတွန်းလုပ်ရတာလို့ RFA ကိုပြောပါတယ်။
“အခုချိန်မှာ ဘာလို့လုပ်လဲဆိုတော့ ဒီမိုကရက်တစ် လမ်းကြောင်းကိုသွားတဲ့အခါ အရပ်သားအစိုးရဆိုရင် ပြဿနာကစပြီ။ နျူကလီးယားက ဘာဖြစ်လို့၊ ဘာကြောင့်တို့၊ ညာကြောင့်တို့။ ဆိုလိုတာက ကန့်ကွက်မှုတွေကြားထဲမှာ အလုပ်လုပ်ရတဲ့အခါ ဒီဟာနဲ့ပတ်သက်လို့ အနည်းဆုံး ပညာရှင် မွေးထုတ်ဖို့ကိစ္စမှာတောင် ပြဿနာကရှိတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားတဲ့အခါကျရင် အများသဘောတူခြင်းတို့၊ ပတ်ဝန်းကျင်တို့၊ ဘာတို့ ညာတို့ ထောက်ထားစရာတွေ အများကြီးနဲ့ ညှိနှိုင်းစရာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အခုလို ကိုယ်တိုင်လုပ်ပိုင်ခွင့်ရတဲ့အချိန်မျိုးမှာ လိုအပ်တဲ့အဆောက်အုံတွေ အခြေခံသွားရမယ့် လမ်းကြောင်းတွေ ဖြည့်ဆည်းတာ ဒါသဘာဝပဲ”
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နျူကလီးယားနည်းပညာကို ငြိမ်းချမ်းတဲ့နည်းနဲ့ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွေမှာ အသုံးပြုမယ်လို့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကပြောခဲ့ပါတယ်။
“တိုင်းပြည် ဘယ်လိုဖြစ်နေနေ စီးပွားရေးက ဇောက်ထိုးမိုးမျှော်ဖြစ်နေလဲ၊ သူတို့က ရတဲ့အခွင့်အရေးကို ဆုပ်ကိုင်ပြီးသွားမှာပါပဲ”
ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေမှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့အထိ စိတ်ကူးရှိနေတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ကမ္ဘာပေါ်မှာ အာဏာရှင်တွေအားလုံး နျူကလီးယားအိပ်မက် မက်ကြတာပဲ။ ဘာလို့လဲဆိုတော့ သူတို့က ဒါရှိမှ ထိန်းနိုင်တာကိုး။ လိုလည်း လိုအပ်တာကိုး။ အနောက်နိုင်ငံတွေရဲ့ ဖိအားကိုခံရတဲ့သူတွေက အဏုမြူဗုံးရရေးအတွက် ကြိုးစားကြတာပေါ့ဗျာ။ ဒါ စစ်ကောင်စီမှာ အိပ်မက်ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ စကားတွေကို ကြည့်ပါဦး၊ သူ့ခမြာ တော်တော်စိတ်ကူးယဉ်ပုံရတယ်။ အဲဒီတော့ နျူကလီးယားမှာလည်း စိတ်ကူးယဉ်မှုတော့ရှိမှာပါ"
နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျနေချိန်မှာ ကုန်ကျစရိတ် များလွန်းတဲ့ နျူကလီးယားစွမ်းအင် ထုတ်လုပ်ဖို့ဆိုတာ လက်တွေ့မဖြစ်နိုင်ပေမယ့် စစ်ကောင်စီက အသဲအသန် ကြိုးပမ်းနေတာကတော့ သံသယရှိစရာ ကောင်းတယ်လို့လည်း သူကဆိုပါတယ်။
စစ်ကောင်စီက အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မယ်လို့ ပြောနေပေမယ့် အရွယ်အစားနဲ့ ခန့်မှန်းကုန်ကျစရိတ်ကို ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
တိုင်းပြည်စီးပွားရေး ဘယ်လိုပဲဖြစ်နေပါစေ စစ်ခေါင်းဆောင်ကတော့ သူ့ရဲ့စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်လိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“ဒီနေ့ မြန်မာပြည်ရဲ့ ဖြစ်နိုင်ခြေနဲ့ပြောရရင် အဏုမြူစွမ်းအင်ထုတ်လုပ်ရေးအတွက် မဂ္ဂါတန် များများစားစား ထုတ်လုပ်နိုင်တဲ့အခြေအနေ မရှိပါဘူး။ ဒါပေမဲ့ ဒီလုပ်ငန်းကိုတော့ သူတို့ရဲ့ ရေရှည်လုံခြုံရေးအတွက် ရနိုင်တဲ့အခွင့်အလမ်းကို ဆုပ်ကိုင်အသုံးချသွားဖို့ စစ်ကောင်စီက ပိုင်းဖြတ်ထားပြီးပြီနဲ့ တူပါတယ်။ တိုင်းပြည် ဘယ်လိုဖြစ်နေနေ စီးပွားရေးက ဇောက်ထိုးမိုးမျှော်ဖြစ်နေလဲ၊ သူတို့က ရတဲ့အခွင့်အရေးကို ဆုပ်ကိုင်ပြီးသွားမှာပါပဲ”
ရုရှားနဲ့ မြန်မာအကြား နျူကလီးယားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၇ ခုနှစ်မှာ စတင်ခဲ့တာပါ။ မြန်မာနဲ့ ရုရှား အဏုမြူကော်ပိုရေးရှင်း ROSATOM အကြား နျူကလီးယားစွမ်းအင် အသုံးချရေး ပူးပေါင်းဆောင်ရွက်မှု ပထမဆုံး နားလည်မှုစာချွန်လွှာကိုတော့ သမ္မတ ဦးသိန်းစိန်အစိုးရ သက်တမ်းကုန်ခါနီး ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က စိန့်ပီတာစ်ဘတ်မြို့မှာ လက်မှတ်ထိုးခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ မြန်မာနဲ့ ROSATOM အကြား နျူကလီးယား စွမ်းအင်ကဏ္ဍ ပူးပေါင်းရေး ရပ်တန့်ခဲ့ပါတယ်။
ဒါပေမဲ့ စစ်ခေါင်းဆောင် ခေတ်အဆက်ဆက် စိတ်ကူးယဉ်ခဲ့တဲ့ နျူကလီးယားအိပ်မက်ကို ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လည် အသက်သွင်းလာတာပါ။
စစ်ခေါင်းဆောင်ရဲ့ ၂၀၂၂ ဇူလိုင်လ ဒုတိယအကြိမ် ရုရှားခရီးစဉ်ကစလို့ အခု ၂၀၂၃ အောက်တိုဘာလ ဆန်းအထိ ၁၅ လအတွင်းမှာ နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးတာ၊ ရန်ကုန်မှာ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်တာ၊ နှစ်ဘက် အစိုးရတွေကြား နျူကလီးယားနည်းပညာ နယ်ပယ် ၁၄ ခုမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိတာနဲ့ အခုနောက်ဆုံး ဓာတ်ပေါင်းဖို တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်မှုတွေကို အပြီးသတ်လုပ်ဆောင်ပြီး လက်တွေ့တည်ဆောက်ဖို့ ပြင်ဆင်တာတွေအထိ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။