လက်နက်ကိုင်ဆောင်ခွင့်မူကြောင့် သွေးထွက်သံယိုမှုပိုများလာနိုင်
စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ချိန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-02-13 -
-
-
စစ်အာဏာသိမ်း နှစ်နှစ်ပြည့်ချိန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက် ရက်စွဲနဲ့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ထုတ်ပြန်လိုက်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၄၆ နှစ်က ပြဋ္ဌာန်းထားတဲ့ လက်နက်ကိုင်ဆောင်ရေးမူကို အနည်းငယ် ပြုပြင်ပြီး ပြန်လည်ထုတ်ပြန်လာတာပါ။
အသစ်ထုတ်ပြန်လိုက်တဲ့မူမှာ သေနတ်အမျိုးအစား သတ်မှတ်ချက်ပြောင်းတာ၊ တခြားကန့်သတ်ချက်တချို့ ထပ်တိုးတာတွေအပြင် မူလက အပိုဒ် ၃၁ ပိုဒ်ရှိခဲ့ရာကနေ အခုမူမှာ အပိုဒ် ၃၄ ပိုဒ်ထိရှိလာတာကို တွေ့ရပါတယ်။
"လက်နက်ကို အသုံးချပြီး အခြားနည်းနဲ့ သုံးစွဲလာနိုင်တဲ့ ပြဿနာတွေရှိတယ်။ ဒီလက်နက်ကို မှတ်ပုံတင်ထားရုံနဲ့ လုံလောက်တယ်လို့ ပြောလို့မရဘူး”
လိုင်စင်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ့် လက်နက်အမျိုးအစား ငါးခုရှိပြီး အဲဒီထဲမှာ ၉ မီလီမီတာနဲ့ အဲဒီထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ပစ္စတို သေနတ်၊ ၁၂ ဘိုးနဲ့ အဲဒီထက် အဝငယ်တဲ့ ပြောင်းချော သေနတ်၊ အမဲလိုက် သေနတ်၊ လေသေနတ်တွေ ပါဝင်ပါတယ်။
ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုတဲ့ အမျိုးအစားမှာတော့ ၉ မီလီမီတာနဲ့ အဲဒီထက် ပြောင်းဝကျယ်တဲ့ ပစ္စတို၊ ရိုင်ဖယ်နဲ့ စက်သေနတ်အငယ်စားတွေ ပါဝင်ပါတယ်။
ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ အခုလို လက်နက်ကိုင်ဆောင်ခွင့် ပေးလိုက်တာဟာ တိုင်းပြည်လုံခြုံရေးအတွက် ပိုပြီးအန္တရာယ်ရှိလာနိုင်တယ်လို့ ဝေဖန်ထောက်ပြပါတယ်။
“အခုဟာက ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြဋ္ဌာန်းတဲ့ပုံသဏ္ဌာန်မျိုးဖြစ်တယ်။ ကိုင်တွယ်ချင်တဲ့ သူကလည်း တစ်ဦးချင်းအနေနဲ့ ဘယ်လိုအမျိုးအစားမျိုး ကိုင်တွယ်နိုင်ခွင့်ရှိတယ်ဆိုတာ ပြဋ္ဌာန်းထားပြီပဲကိုး။ ကာကွယ်ရေးကိစ္စနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေကို လည်း လက်နက်ခဲယမ်းတွေကို ထုတ်ပေးပြီးတော့ သုံးစွဲပိုင်ခွင့်ပြုတယ်ဆိုတဲ့ သဘောမျိုးသက်ရောက်တယ်။ နောက်ဆုံးတော့ လက်နက်ကို အသုံးချပြီး အခြားနည်းနဲ့ သုံးစွဲလာနိုင်တဲ့ ပြဿနာတွေရှိတယ်။ ဒီလက်နက်ကို မှတ်ပုံတင်ထားရုံနဲ့ လုံလောက် တယ်လို့ ပြောလို့မရဘူး”
အခုပြဋ္ဌာန်းထားတဲ့မူမှာ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားသူဟာ နိုင်ငံတော်အပေါ် သစ္စာရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ သေနတ်ကိုင်ဆောင်ဖို့ အမှန်တကယ်လိုအပ်သူ၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးကို အနှောင့်အယှက်မပြုသူ၊ အရေးယူ မခံရဖူးသူ၊ စိတ်ပေါ့သွပ်သူ မဖြစ်ရဘူးလို့ ဖော်ပြထားပါတယ်။
လက်နက်ကိုင်ခွင့်ရသူတွေအနေနဲ့ ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မှုခင်းနဲ့ ဒုစရိုက်နှိမ်နင်းရာမှာလည်း ညွှန်ကြားလာရင် ပူးပေါင်းပါဝင်ရမှာဖြစ်ပြီး လက်နက်ကိုင် ဆောင်ထားချိန် ပြည်သူလူထုရဲ့ အသက်အိုးအိမ်နဲ့ အများပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးနေသူတွေကိုတွေ့ရင် ချမှတ်ထားတဲ့ စည်းကမ်းဘောင်ထဲကနေ ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့လည်း ဖော်ပြပါတယ်။
စစ်ကောင်စီက သူတို့အထောက်အကူရဖို့အတွက် သူတို့ကို ထောက်ခံတဲ့သူတွေကို လက်နက်ကိုင်ဆောင်ခွင့်ပြုဖို့ ကြိုးပမ်းနေတာလို့ CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။
“လက်နက်တွေ ပေးကိုင်လိုက်တဲ့အခါကျရင် သူတို့အတွက် အများကြီးအထောက်အကူ ပြုသွားနိုင်တယ်ပေါ့နော်။ ဥပမာ PDF တွေဘာတွေ တွေ့တာကို အဲဒီလူက ပြည်သူလူထုက သတင်းပေးတာ၊ တကယ်လို့လာတာဆိုရင်လည်း ပစ်ခတ်ပြီးတော့ ဘာလိုလုပ်တယ်ဆိုတဲ့ အဲဒီလို အနေအထားပေါ့နော်။ သူတို့ ဥပဒေအရ ပိုပြီးတော့ ကာကွယ်ခွင့် အမျိုးမျိုးရှိသွားအောင်ပေါ့နော်။ သူတို့ဘက်ကို ပါတဲ့သူတွေကိုပေါ့နော်။ သူတို့ဘက်ကို ပါတဲ့သူတွေလည်း အဲဒီလို လက်နက်ကိုင်ပြီးတော့ လုပ်ပိုင်ခွင့်ရအောင် လုပ်တယ်ပေါ့။ အဲဒီလိုမျိုးအနေအထားတွေဖြစ်အောင် လုပ်တယ်လို့ မြင်ပါတယ်”
လက်နက်ထုတ်ပေးမယ့်သူတွေဟာ သူတို့ကို ထောက်ခံတဲ့လူအများစုဖြစ်မှာကြောင့်လည်း စစ်တပ်ရဲ့ ချေမှုန်းမှုတွေမှာ အထောက်အကူဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီမူအရ စစ်ကောင်စီကို ထောက်ခံတဲ့ သူတွေ လက်နက်ကိုင်ခွင့် ရလာနိုင်တယ်လို့ ပြောပါတယ်။
“ပျူစောထီးတွေကတော့ သူတို့ လက်နက်တပ်ဆင်ထားတာလေ။ အခုက လက်နက် မတပ်ဆင်ထားသေးတဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်တွေ ဥပမာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ပုဂ္ဂိုလ်တွေ၊ ရပ်ကွက်ထဲက ရာအိမ်မှူးတွေ၊ မြို့နယ်မှူးတွေ စသည်အားဖြင့် သူ့ရဲ့ ဝန်ထမ်းတွေအထိပါ တစ်ခုက လုံခြုံရေးအရ သူတို့ တာဝန်မယူနိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် တာဝန်ယူကြ ဒါပေမဲ့ တစ်ချိန်တည်းမှာ စစ်တပ်က လိုအပ်လို့ခေါ်လို့ ရှိရင် လာရမယ်။ စစ်တပ်က တိုက်ပွဲထဲမှာ ပါဝင်ဆိုရင် ပါဝင်ရမယ်ဆိုတဲ့အခါ ပျူစောထီးအပြင် နောက်ထပ် သာမာန်ပြည်သူတွေထဲက သူ့အပေါ်မှာ သစ္စာရှိတဲ့ ကောင်တွေကို လက်နက်တပ်ဆင်ခွင့်ပေးပြီးတော့ တိုက်ပွဲထဲမှာ ပါဝင်ဖို့ ဆွဲခေါ်ထားတဲ့ အမိန့်ကြေညာချက်ဖြစ်တယ်လို့ ကျနော်တော့ ယူဆပါတယ်ခင်ဗျ”
အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို သေနတ်ပေးလိုက်ရင်တော့ သေနတ်ပြခြိမ်းခြောက်ပြီး ပြည်သူတွေကို ပိုမိုဖိနှိပ်တာတွေလည်းရှိလာနိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။
အခုပြဋ္ဌာန်းလိုက်တဲ့ မူနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားပါဘူး။
နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွေမှာ စစ်ကောင်စီကို ထောက်ခံသူတွေက နိုင်ငံတစ်ဝန်းမှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ပစ်ခတ်သတ်ဖြတ် ခံနေရတာတွေကို အကြောင်းပြုပြီး သူတို့ကို လုံခြုံရေးအရ လက်နက်တပ်ဆင်ပေးဖို့ ပြောဆိုတာတွေလည်း ရှိခဲ့ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို မန်းမန်း ကတော့ ဒီမူကြောင့် မလိုလားအပ်တဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တာကြောင့် စိုးရိမ်စရာကောင်းတယ်လို့ ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်လောက်ကတည်းက စစ်ကောင်စီဘက်ကလည်းပဲ စစ်မှုမထမ်း မနေရဆိုတဲ့ အခြေအနေကနေပြီးတော့မှ မူဝါဒချမှတ်ခဲ့တယ်။ သို့သော်လည်းပဲ အသက် ၁၈ နှစ်ပြည့်သွားရင် စစ်မှုမထမ်းမနေရဆိုတဲ့ မူဝါဒကို သူတို့ အကောင်အထည်ဖော်လို့ မဖြစ်ခဲ့ဘူး။ မအောင်မြင်ခဲ့ဘူးပေါ့နော်။ အဲဒီနည်းက ဒုတိယနည်းလမ်းလို့ ကျနော်တို့ မြင်တယ်။ မလိုလားအပ်တဲ့ ပဋိပက္ခနဲ့ မလိုလားအပ်တဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေက ပိုမိုပြီးတော့ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေရှိတယ်။ အဲဒီအတွက်ကတော့ ကျနော်တို့ တကယ့်ကို စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ သတင်းပေးလို့ သံသယရှိသူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေရှိနေပြီး စစ်ကောင်စီတပ်သားတွေကလည်း PDF လို့ စွပ်စွဲခံရသူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေရှိနေတယ်လို့ နှစ်ဖက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။
နိုင်ငံတစ်ဝန်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အစိုးရ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရဟန်းသံဃာ၊ ကလေးသူငယ်၊ အရပ်သားအပါ အဝင် စုစုပေါင်း သေဆုံးသူ ၅၄၄၃ ဦးနဲ့ ဒဏ်ရာရ ၄၅၇၇ ဦး ရှိခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းနှစ်နှစ်အတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း ၂၉၈၆ ဦး သေဆုံးခဲ့ပါတယ်။