နိုင်ငံရေးအမှုလိုက်ရှေ့နေတွေ ပစ်မှတ်ထားဖမ်းဆီးခံလာရ
မန္တလေးနဲ့ မုံရွာမြို့ အကျဉ်းထောင်တရားရုံးတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လတည်းမှာ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
- 2022-07-18
-
-
-
မန္တလေးနဲ့ မုံရွာမြို့ အကျဉ်းထောင်တရားရုံးတွေမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်းဆီးတရားစွဲ ခံထားရတဲ့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေဟာ ပြီးခဲ့တဲ့ ဇွန်လ တစ်လတည်းမှာ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ တရားရုံးနဲ့ နီးစပ် သူတွေက ပြောပါတယ်။
မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့မှာ NLD အစိုးရ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ရဲ့ ရှေ့နေ ဦးမိုးဇော်ထွန်း အဖမ်းခံရပါတယ်။ အဲဒီရက်ပိုင်းမှာပဲ ရှေ့နေ ဦးသန်းထွန်း နဲ့ ရှေ့နေ ဦးအောင်ချမ်းမြေ့တို့ အဖမ်းခံရသလို၊ နောက်ထပ် ရှေ့နေနှစ်ဦးလည်း အဆက် အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။
"အခမဲ့ရှေ့နေလိုက်ပေးနေတယ် ဆိုတာတို့ သူတို့အပြစ်ချမယ့်လူတွေကို အမှုတွေကို လိုက်ပေးနေတယ်ဆိုတာ သူတို့က မကြည်ဘူးပေ့ါဗျာ"
ဇွန်လ ၂၉ ရက်နေ့ကတော့ မန္တလေး အိုးဘိုအကျဉ်းထောင်တွင်း တရားရုံးကနေ အမှုလိုက် ပြီး အပြန်မှာ ရှေ့နေ ဦးတင်ဝင်းအောင်၊ ရှေ့နေ ဦးသုတနဲ့ နောက်ထပ် ရှေ့နေတစ်ဦးကို စစ်ကောင်စီက ဖမ်းလိုက်သလို ဇွန်လ တတိယပတ်ထဲမှာ နိုင်ငံရေးအမှုတွေ လိုက်နေတဲ့ မန္တလေးက ရှေ့နေ ဒေါ်ခင်သန်းဌေးကို စစ်ကောင်စီက ဖမ်းဆီးပြီး အိုးဘိုထောင်တွင်းတရား ရုံးမှာ ရမန်ယူထားတာတွေ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒါကြောင့် လက်ရှိ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးမှာ ရှေ့နေတွေ အလာနည်းသွား သလို တချို့ လည်း နိုင်ငံရေးမှုတွေကို မလိုက်တော့ဘဲ ပါဝါပြန်ရုပ်သိမ်းတာတွေရှိတယ်လို့ အိုးဘိုထောင်တွင်း တရားရင်ဆိုင်နေရသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ရှေ့နေတွေလည်း အကုန်ဖမ်းတယ်ဆိုတော့ မသွားကြတော့တာပေါ့နော်။ အခုတောင် ကြားနေတာ ၅၀၅ လိုက်တဲ့ရှေ့နေတွေ ဘာတွေဆိုရင် ဖမ်းမယ်ဘာညာပေါ့နော်၊ အဲဒီ လိုလည်းကြားနေရတာ သို့လော သို့လောတွေ။ တချို့ရှေ့နေတွေ မသွားကြတော့ဘူးပေါ့။ သွားလည်း တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲသွားတယ်။ အရင်တုန်းက ငါး ယောက်၊ ခြောက်ယောက်လောက်သွားတယ်။ အခုတစ်ယောက်လောက် မနည်းသွား နေရတယ်။ သွားတဲ့ရှေ့နေတွေကလည်း ကြောက်ကြောက်လန့်လန့်နဲ့ သွားနေရတယ်။ အမှုတွေကလည်း ပြတ်မှ မပြတ်သေးတာ ရင်ဆိုင်နေရတာလေ။ ရှေ့နေသွားတဲ့သူ တော် တော်ကြီးကို နည်းသွားတာ မရှိသလောက်နည်းသွားတယ်လို့ ကြားတယ်”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဖြစ်တဲ့ ဦးခင်မောင် ဇော်၊ ဦးကြည်ဝင်း၊ ဒေါ်စန်းမာလာညွန့်၊ ဒေါ်မင်းမင်းစိုးနဲ့ ဦးသဲမောင်မောင် တို့ကိုလည်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက စစ်ကောင်စီက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး ပြည် တွင်း၊ ပြည်ပမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုခွင့် တားမြစ်ထားပါတယ်။
အာဏာသိမ်းပြီးမှ အဖမ်းခံထားရတဲ့ မန္တလေးတိုင်း NLD ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင် အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးက ထင်ရှားတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၀ (ည) နဲ့ တရားစွဲခံထားရပါတယ်။
အခုလို စောင့်ကြည့်ခံရ၊ ဖမ်းဆီးခံရတဲ့အခြေအနေတွေကြောင့် ရှေ့နေတွေက သူ့တို့ရဲ့ လုံခြုံရေးအရ သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုဖို့ ငြင်းကြ ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံရေးအမှုတွေကို အခမဲ့လိုက်ပါဆောင်ရွက် ပေးနေတာတွေကို မကျေနပ်လို့ ရှေ့နေတွေကို ပစ်မှတ်ထား ဖမ်းဆီးတာလို့ လက်ရှိမှာ တိမ်းရှောင်နေရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။
“ရှေ့နေကို ဘာလို့လုပ်နေလဲဆိုတော့ ကျနော်တို့လည်း ထွက်ပြေးနေရတာပဲလေ။ သူတို့ မျက်စိ နောက်တယ်ပေါ့ဗျာ။ အဲဒီလိုလိုက်ပေးနေတာ အခမဲ့ရှေ့နေလိုက်ပေးနေတယ် ဆိုတာတို့ သူတို့အပြစ်ချမယ့်လူတွေကို အမှုတွေကို လိုက်ပေးနေတယ်ဆိုတာ သူတို့က မကြည်ဘူးပေ့ါဗျာ။ မကျေနပ်ဘူးပေါ့။ အဲဒါကြောင့်မို့လို့ အပြစ်ရှာတာ။ အပြစ်ရှာတဲ့ အခါလည်း များများစားစားမရပါဘူး။ ဘာမှရှာစရာမလိုပါဘူး။ PDF တွေကို ထောက်ပံ့ တယ်။ ဒါပဲ။ ဘယ်လိုထောက်ပံ့တယ်၊ ဘာညာ သွားမေးမနေနဲ့ မေးတဲ့သူက နောက်ထပ် ခံရဦးမယ်။ အဲဒါပဲ”
ရှေ့နေတွေ ဖမ်းဆီးခံရတာကြောင့် အမှုတွေမှာ စွပ်စွဲခံရသူတွေဘက်က ခုခံချေပခွင့်အပြည့် အဝ မရကြသလို ဥပဒေအကာအကွယ်လည်း မရတော့ဘူးလို့ မုံရွာမြို့က ရှေ့နေတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“အဓိကကတော့ အခုနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးလိုက်တဲ့ ရှေ့နေတွေက အခုနောက်ပိုင်းဆိုရင် ဘာပဲဖြစ်ဖြစ် သူတို့မသင်္ကာတဲ့အမှုတွေနဲ့ ဝင် ရောက်ဖမ်းဆီးတာမျိုး၊ ချုပ်နှောင်တာမျိုး၊ စစ်ဆေးမေးမြန်းတာမျိုး ရှိတဲ့အခါမှာ ရှေ့နေ တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လိုက်ဖို့အဆင်မပြေတော့ဘူးပေါ့နော်။ ပြီး တော့ အကျဉ်းသားတွေ ရပိုင်ခွင့်အကုန်လုံး ဆုံးရှုံးရတာပေါ့။ အခုနောက်ပိုင်း ဒီလိုမျိုး အခြေအနေတွေ ကြုံရတဲ့အခါမျိုးဆိုရင်တော့ ချေပဖို့ ပြန်လည်ခုခံပိုင်ခွင့် ဆိုတာက တော်တော်ကြီးကို မလွယ်တဲ့ အနေအထားထိ ရောက်သွားပြီပေါ့။ တကယ်လို့ ချေပ ခုခံမယ်ဆိုရင်တောင်မှ ဒါတွေအားလုံးကို တစ်ဖက်က ဆန့်ကျင်သွားမယ့် အနေ အထားရှိတယ်လို့ ယူဆတယ်”
နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ ပစ်မှတ်ထားဖမ်းဆီးခံနေရတာနဲ့ ပတ် သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
တရားခွင်တွေမှာ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်၊ ခုခံချေပခွင့်တွေ ပေးထားပြီး အကြောင်းမဲ့ ဖမ်းဆီးတာမျိုးမရှိဘူးလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက အရင်က ပြောဆို ထားပါတယ်။
နိုင်ငံရေးအမှုတွေမှာ လိုက်ပါဆောင်ရွက်တွေမှုကို ရပ်တန့်သွားအောင်၊ ကြောက်ရွံ့သွား အောင် ဖမ်းဆီးပြနေတဲ့လုပ်ရပ်တွေကြောင့် တရားမျှတမှုကိုရှာဖွေတဲ့ တရားရုံးတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်ပျောက်ကွယ်သွားပြီလို့ နော်ဝေနိုင်ငံမှာနေထိုင်တဲ့ လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
“ရှေ့နေတွေကို အခုလိုမျိုး ဖမ်းဆီးနေရင် ရှေ့နေတွေအနေနဲ့ နိုင်ငံရေးမှုတွေကနေပြီး တော့ တချို့ပါဝါတွေ ပြန်ရုပ်မယ်။ တချို့ကလည်း လိုက်ပါဆောင်ရွက်ခြင်း မပြုတော့ ဘူးဆိုလို့ရှိရင် အမှုသည်တွေအနေနဲ့ တရားမျှတမှုကို ရှာဖွေတဲ့နေရာမှာ အများကြီး နစ်နာဆုံးရှုံးတယ်လို့ ပြောချင်တယ်။ နောက်ပြီး နိုင်ငံရေးမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ဖမ်းဆီးထိန်းသိမ်း ခံနေရသူတွေဘက်ကလည်း လိုက်ပါဆောင်ရွက်ခြင်း မရှိနိုင်အောင် အခုလိုမျိုး ဟန့်တားလိုက်တယ်လို့ ကျနော်တို့မြင်တယ်။ ဒါကြောင့် တရားမျှတမှုကို ရှာဖွေတဲ့ တရားရုံးတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်ပျောက်ကွယ်သွားပြီလို့ ပြောချင် တယ်”
အခုလိုရှေ့နေတွေ ဖမ်းဆီးခံရတာတွေအပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းသိန်းရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကို ဇူလိုင်လ ၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်တဲ့ဖြစ်ရပ်လည်း ရှိပါတယ်။
RFA က ပြုစုထားတဲ့ စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်လို့ နိုင်ငံရေးအမှုတွေကို လိုက်ပေးနေတဲ့ ရှေ့နေတွေ အပါအဝင် ရှေ့နေ စုစုပေါင်း ၂၈ ဦး ဖမ်းဆီးခံထားရပါတယ်။