ဖားကန့် ဆယ်ဇင်းရွာမှာ နေအိမ် ၄၀၀ ကျော် မီးရှို့ခံရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ဩဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ငါးဦးလည်း လက်နက်ကြီး၊ လက်နက်ငယ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-08-10
-
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ ဩဂုတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေ က စစ်ကောင်စီတပ်နဲ့ KIA၊ PDF ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ် ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို ဒေသခံ ငါးဦးလည်း လက်နက်ကြီး၊ လက်နက်ငယ် ကျည် ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေထဲက ကလေးတစ်ဦးကတော့ မနေ့က စစ်ကောင်စီတပ်က လေကြောင်းက နေ ရှစ်ကြိမ်ခန့် လာရောက်ပစ်ခတ်ရာမှာ လက်နက်ကြီးအစ ထိမှန်ပြီး သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆယ်ဇင်းရွာကနေထွက်ပြေးလာတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ည ၈ နာရီလောက်က နောက်ဆုံးလေယာဉ်နဲ့ ဗုံးကြဲတာ၊ ပြီးတော့ ဟိုဘက်ဒီဘက် တောက်လျှောက်ကြီး ၆၀ မမ လက်နက်ကြီးတွေ၊ စက်သေနတ်တွေနဲ့ပစ်တယ်။ အဲအိမ်ကို လက်နက်ကြီးစမှန်တယ်၊ ကလေးက ပွဲချင်းပြီး ဆုံးသွားတယ်။ မိန်းမ တစ်ယောက်ကျတော့ ခြေထောက်ဖြတ်ရမယ့် အခြေအနေ ရောက်သွားတာပေါ့။ ဒီမနက်က ၆ နာရီကျော်လောက်က အဲမိသားစု သုံးယောက်ကလည်း ဆိုင်ကယ်နဲ့ထွက်ဖို့ ကြိုးစားတာ ပစ်ခံလိုက်ရတယ်။ လင်မယားနဲ့ သားလေးတစ်ယောက်ဗျ"
သေဆုံးသူ ငါးဦးထဲက ကျန်တစ်ဦးကတော့ အသက် ၄၀ ကျော်အရွယ် အမျိုးသားဖြစ်ပြီး ဩဂုတ်လ ၈ ရက် နေ့က ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်ချိန် နေအိမ်ပေါ်ကျရောက်လာတဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရွာထဲမှာ အခြားထိခိုက်သေဆုံးသူတွေရှိတယ်လို့ ကြားရပေမယ့် တယ်လီဖုန်းလိုင်း ဆက်သွယ်ရေး ခက်ခဲတာကြောင့် အတည်မပြုနိုင်သေးဘူးလို့လည်း သူက ပြောပါတယ်။
KIA နဲ့ PDF ပူးပေါင်းအဖွဲ့က ဩဂုတ်လ ၈ ရက်နေ့က ဆယ်ဇင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရွာဘေးက မြစ်တစ်ဖက် ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရွှေပြည်မြင့်ရွာက ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်စခန်းကို သွားရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့သလို ဩဂုတ်လ ၉ ရက် မနေ့ကလည်း ဆယ်ဇင်း ရွာလယ်မှာရှိတဲ့ စစ်ကောင်စီ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်မှုအရေအတွက်ကိုတော့ RFA က အတည်ပြုနိုင်ခြင်း မရှိပါဘူး။
"ဘယ်သူရှို့လဲဆိုရင်တော့ ဝင်လာတာကတော့ စစ်ကောင်စီတွေ၊ ရှမ်းနီတွေရယ်ပေါ့၊ အခုသက်သက်ကို လိုက်ရှို့တာက ရှမ်းနီတွေ"
စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ ဆက်နွှယ်ပြီး ရွာထဲကနေအိမ် ၄၀၀ ကျော် မနေ့က မီးရှို့ခံခဲ့ရတာ လို့ မီးရှို့တာကို မြင်ခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဆယ်ဇင်းကျေးရွာသားတစ်ဦးက ပြောပါတယ်။
"အများဆုံးရှိတဲ့ ဈေးတန်းဘက်မှာပေါ့လေနော် အဲဒါ အကုန်လောင်ပြီးပြီ။ ရပ်ကွက် ၄ ရယ်၊ ရပ်ကွက် ၃ ရယ်၊ အဲဒီရပ်ကွက်တွေတော့ ကုန်ပါပြီ။ အိမ်ခြေ တစ်ရွာလုံးဆိုရင် တော့ ၅၀၀ လောက်ရှိတယ်။ မီးလောင်တာကတော့ ၃၀၀ ကျော်၊ ၄၀၀ လောက်တော့ ပါမှာ။ ဘယ်သူရှို့လဲဆိုရင်တော့ ဝင်လာတာကတော့ စစ်ကောင်စီတွေ၊ ရှမ်းနီတွေရယ် ပေါ့၊ အခုသက်သက်ကို လိုက်ရှို့တာက ရှမ်းနီတွေ။ မလောင်တဲ့အိမ်တွေကိုလည်း သက်သက် ပြန်လိုက်ရှို့တာတဲ့"
တိုက်ပွဲတွေကြောင့် ဆယ်ဇင်းကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဆိုင်ကယ်နဲ့ တစ်နာရီ ခရီးခန့်ရှိတဲ့ တာမခန်၊ ဟောင်းပါး ကျေးရွာတွေက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာ ထွက်ပြေးခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ အဝတ် တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာကြ ရတာကြောင့် အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ် အထည်နဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
ကျေးရွာသားအချို့ကတော့ ထွက်မပြေးနိုင်တဲ့အတွက် ဆယ်ဇင်းကျေးရွာထဲမှာ ပိတ်မိ နေတယ်လို့လည်း ဆိုပါတယ်။ လက်ရှိမှာ ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်က နေရာယူထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဆယ်ဇင်းကျေးရွာဟာ ဖားကန့်မြို့နယ် ဟောင်းပါးကျေးရွာအုပ်စုထဲမှာပါဝင်ပြီး ဘေးပတ်ပတ်လည်မှာ ရွှေမှော်တွေနဲ့ စည်ကားတဲ့ကျေးရွာလည်း ဖြစ်ပါတယ်။
ကချင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ ဆယ်ဇင်း ကျေးရွာအခြေအနေတွေကို အသေးစိတ်မသိရသေးပေမယ့် လုံခြုံရေးကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ပြည်သူတွေကိုတော့ အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောပါတယ်။
"အဲသတင်းက လောလောဆယ် ကျနော့်ဆီ မရောက်သေးဘူးဗျ၊ လုံခြုံရေးနဲ့ နယ်စပ် ရေးရာကို မေးကြည့်ရမှာပေါ့။ ကျနော်တို့ကတော့ တစ်ခုရှိတယ် တိုက်ပွဲတွေဖြစ်လို့ အဲလို နေရပ်စွန့်တာတွေ ဘာညာဆိုရင်တော့ ဒီပြည်သူတွေကို ထောက်ပံ့ဖို့ အဆင်သင့် လုပ်ထားတာတွေရှိတယ်။ မီးရှို့ခံရတယ်၊ ဘာညာဆိုတဲ့ဟာ ဘယ်ကသတင်းလဲတော့ မသိဘူး ကျနော့်ဆီ အဲသတင်းမရောက်သေးဘူး။ ကျနော်က လူမှုရေးဝန်ကြီးဆိုတော့ တချို့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေက ကျနော့်ဆီ ရောက်ချင်မှရောက်တာ"
ကေအိုင်အို သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ စစ်ကောင်စီတပ် အနေနဲ့ တိုက်ပွဲတွေဖြစ်ရင် ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့တာဟာ လုပ်ရိုးလုပ်စဉ် တစ်ခုလို ဖြစ်နေတယ်လို့ ပြောပါတယ်။
"မနေ့ညကလည်း ဆယ်ဇင်းရွာက ရဲစခန်းကို ဝင်တိုက်တဲ့ဖြစ်စဉ်တွေ ရှိခဲ့တယ်။ စကစက သူတို့ရဲ့လုပ်ထုံးလုပ်နည်းပေါ့။ တိုက်ပွဲဖြစ်ပြီဆိုရင် ရွာနားမှာပဲဖြစ်ဖြစ်၊ သူတို့ရဲ့ တပ်စခန်းမှာပဲဖြစ်ဖြစ်၊ ရွာတွင်းမှာပဲဖြစ်ဖြစ် ရန်သူနဲ့ တိုက်ပွဲဖြစ်ပြီဆိုကတည်း က ပြည်သူလူထုကို သတ်ဖြတ်တာ၊ ရွာတွေကိုမီးရှို့တာ ဒါက သူတို့ရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်နေတာ"
ဆယ်ဇင်းရွာမှာ ဩဂုတ်လ ၈ ရက်နေ့ကစလို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်ဘက်ကတော့ မနေ့က တစ်နေကုန် လေကြောင်းကနေ တိုက်ခိုက်တာ တွေ ရှိခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ဆယ်ဇင်းကျေးရွာဘက်မှာ သီတင်းတစ်ပတ်ခန့် ကြာအောင် နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ဟာ ကချင်ပြည်နယ်မှာ စစ်ရေးအတင်းမာဆုံးမြို့တွေထဲ တစ်မြို့ဖြစ်သလို လာမယ့် ဩဂုတ်လ ၂၀ ရက်နေ့ဆိုရင် စစ်ကောင်စီက မိုဘိုင်းအင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာ တစ်နှစ်တိတိပြည့်တော့ မှာလည်း ဖြစ်ပါတယ်။