မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက် တရုတ်ဖိအားကြောင့်လို့ လေ့လာသူတွေပြော
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ နိုင်ငံတကာစီမံကိန်းတွေကို နှောင့်ယှက်ဖျက်ဆီးသူတွေကို အရေးယူမယ်ဆိုတဲ့ ဇူလိုင် ၁ ရက်နေ့ ထုတ်ပြန်ချက်ဟာ တရုတ်နိုင်ငံ ဖိအားကြောင့်ဖြစ်တယ်လို့ တရုတ် - မြန်မာအရေးလေ့လာသူတွေက ပြောပါတယ်။
-
အောင်သိင်္ခ (ဝါရှင်တန်ဒီစီ)
2023-07-07 -
-
-
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရခိုင့်တပ်တော် AA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အဖွဲ့တွေက သူတို့ထိန်းချုပ်ဒေသတွေမှာရှိတဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်ယှက်ဖျက်ဆီးမယ်ဆိုရင် အရေးယူမယ်လို့ ဇူလိုင်လ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အဲဒီအဖွဲ့တွေဟာ တရုတ်ရဲ့ ဩဇာခံအဖွဲ့အစည်းတွေဖြစ်တာကြောင့် တရုတ်အကျိုးစီးပွားတွေကို ကာကွယ်မယ်ဆိုပြီး တရားဝင်ထုတ်ပြန်တာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အဲဒီအဖွဲ့တွေကလည်း တရုတ်ဆီက လက်နက်ယူပြီးတော့ ကိုယ့်အဖွဲ့အစည်းကို ကိုယ်ထူထောင်ပြီးတော့ လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် တရုတ်ဩဇာမကင်းဘူးပေါ့ဗျာ တရုတ်အကျိုးစီးပွားတွေကို ကာကွယ်ပါ့မယ်ဆိုတာကို တရားဝင်ထုတ်ပြန်တာ ဘာမှသိပ်ပြီးတော့ မျှော်လင့်စရာသိပ်မရှိပါဘူး အဲဒီအင်အားစုတွေကို ကျွန်တော်တို့ အနေနဲ့တော့ ပြည်သူတွေဘက်ကို ကူးပြောင်းလာတဲ့အချိန်ဆီ ရောက်မှပဲ သူတို့အကြောင်း ပြောကြမယ်။”
အလားတူ အဲဒီအဖွဲ့တွေဟာ တရုတ်နိုင်ငံ နယ်စပ်မျဉ်းအနီးမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တာကြောင့် တရုတ်နိုင်ငံရဲ့ ဖိအားတွေရှိလို့ အခုလိုထုတ်ပြန်တာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“ကျွန်မထင်တာတော့ သူတို့အချင်းချင်း ညှိနှိုင်းပြီးမှ ထုတ်တယ်ထင်တယ် PDF တွေ အနေနဲ့ကလည်း အဆက်အသွယ် ရှိနေတာပဲလေ မြောက်ပိုင်းသုံးဖွဲ့နဲ့က မြောက်ပိုင်းသုံးဖွဲ့က ကျွန်မတို့ သိဖို့က တရုတ်နယ်စပ်မှာ ကျောချနေတာဖြစ်တော့ တရုတ်ပြည်ရဲ့ ဖိအားကို မတွန်းနိုင်ဘူးဗျ သူတို့အနေနဲ့ PDF တွေလည်း အပြန်အလှန် နားလည်မှု ရှိနိုင်ပါတယ် ကျွန်မကြည့်တာလေ မြောက်ပိုင်းသုံးဖွဲ့ကလည်း ကျွန်မတို့ နွေဦးတော်လှန်ရေးက တော်တော်နီးနီးစပ်စပ် ဆွေးနွေးနေတာ ဆက်စပ်နေတာလည်း ရှိတာပဲ သူတို့နဲ့ အပြန်အလှန်နားလည်မှု ယူထားနိုင်ပါတယ် သိပ်ပဋိပက္ခဖြစ်စရာအကြောင်း မမြင်ပါဘူး။”
တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားနဲ့ ပတ်သက်ရင် အဲဒီနိုင်ငံမှာ အုပ်ချုပ်နေသူတွေနဲ့ဘဲ ဆက်ဆံမှာဖြစ်တယ်လို့ လည်း ဒေါက်တာလှကျော်ဇောက ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာ ပါဝင်တဲ့ TNLA ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်ကတော့ သူတို့အနေနဲ့ အဖွဲ့အစည်းတစ်ခုခုရဲ့ စည်းကမ်းသတ်မှတ်ချက်ကြောင့် ဒီလိုထုတ်ပြန်တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။
“ဒီဟာကတော့ ကျွန်တော်တို့ ကိုယ်ပိုင် အဖွဲ့အစည်းဖြစ်တာပေ့ါနော် ဘယ်နိုင်ငံရဲ့ ဘယ်အဖွဲ့အစည်းရဲ့ ဩဇာ လက်အောက်မှာ အဖွဲ့အစည်းထူထောင်တာမဟုတ်ဘူး အမျိုးသားရေးလွတ်မြောက်ဖို့ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ဖြစ်တဲ့ တန်းတူညီမျှခွင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရည်ရွယ်ပြီးမှ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တယ် ဘယ်အဖွဲ့အစည်း ဘယ်သူရဲ့ ဩဇာလွှမ်းမိုးမှု အောက်ကနေပြီးမှ ဘယ်သူ့ရဲ့ ထောက်ပံ့မှုအောက်ကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းမဟုတ်ဘူးပေါ့နော့။”
တရုတ်အနေနဲ့ စစ်ကောင်စီတစ်ဖက်တည်းကိုပဲ နီးနီးကပ်ကပ်ဆက်ဆံပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒကို မျက်ကွယ်ပြုနေတာဟာ မလုပ်သင့်တဲ့ကိစ္စလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ဇွန်လ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေကလည်း တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံ နေဦးမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေ ပိုပြီးရင်ဆိုင်ရလိမ့်မယ်လို့ ပြောကြပါတယ်။
လက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေပေါ်မှာ တရုတ်နိုင်ငံအပါအဝင် အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားတွေလည်း ရှိတယ်လို့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
“မြန်မာနိုင်ငံအရေးသည် မြန်မာပြည်သူလူထုရဲ့ အရေးဖြစ်တယ် CRPH နဲ့ NUCC တိုင်းရင်းသား တော်လှန်ရေး အင်အားစုအားလုံး မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာလည်း တကယ်ဆို သူတို့ကအသက်နဲ့ လဲပြီးတော့ တော်လှန်ရေးကို လုပ်နေတာဟာ အားလုံးလည်း သိပြီးသားဖြစ်တယ် အခုက Geopolitics (ပထဝီနိုင်ငံရေး) ဖိအားဟာလည်း တကယ်တမ်းက များတယ် တရုတ်ရဲ့ ဖိအားဟာလည်း များမယ် တစ်ချိန်တည်းမှာ အင်အားကြီးတဲ့ နိုင်ငံတွေရဲ့ ဖိအားဟာလည်းများမယ် တစ်ဖက်မှာဆိုရင် အာဆီယံရဲ့ ဖိအားလည်းရှိတယ် ဒါတွေအားလုံးမှာ ကျွန်တော်တို့က သွားနေရတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့ အကုန်လုံးက ပူးပေါင်းညှိနှိုင်းမှုဖြစ်ဖို့တော့ တော်တော်တော့လိုတာပေါ့နော်။”
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စေတနာလုံးဝမရှိတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ Zero ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။
“တရုတ်ကတော့ အင်မတန်ရွံစရာကောင်းတဲ့ တရုတ်ပေါ့ဗျာ ကျွန်တော်တို့ အပေါ်မှာ လုံးဝကောင်းခဲ့တဲ့ကောင် မဟုတ်ဘူးပေါ့ တကယ်တမ်းတော့ ကျွန်တော်တို့က ဆုံးဖြတ်ချက် တစ်ခုလိုနေတာဗျ ကျွန်တော်တို့က ပီပီပြင်ပြင် ဒီဘက်ကဆုံးဖြတ်နိုင်တယ် ဆိုလို့ရှိရင် သူတို့လည်းကြောက်မှာ သူတို့ရင်းနှီးမြှုပ်နှံမှုတွေ ဒီမှာများတယ်ဗျာ အဲတော့ သူတို့ကို ထည့်သွင်းစဉ်းစားနေရတယ်ဆိုတဲ့ အလုပ်တစ်လုပ်ကို ကျွန်တော်က မကြိုက်တာဘဲ လုပ်သင့်တာလုပ်ပလိုက်လို့ရှိရင် သူတို့အကျိုးစီးပွား ထိလာလို့ရှိရင် သူတို့ဘက်က တစ်ခုခုတော့ ကျွန်တော်တို့ဘက်က ရလာမယ်လို့ ထင်တယ် ကျွန်တော်ရဲ့ သဘောတရားကို ကျွန်တော်ပြောတာ မင်းသဘော ဘာလုပ်မှာတုန်းဆို ကျွန်တော်က ဆော်မှာပဲ။ ”
မြန်မာနိုင်ငံအတွင်းက တရုတ်-မြန်မာစီးပွာရေးလုပ်ငန်းတွေရှိတဲ့ မြို့နယ်ပေါင်း ၆၁ မြို့ နယ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ခုနှစ်မတ်လအထိ တိုက်ပွဲပေါင်း (၁၄၈၆) ကြိမ်ဖြစ်ပွားခဲ့ပေမယ့် ၂၀၂၂ ဧပြီလကနေ ၂၀၂၃ ခုနှစ် မေ ၃၁ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားမှုက (၇၆၂) ကြိမ်အထိ ထက်ဝက်ကျော်အထိ လျော့ကျလာတာကို တွေ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဇွန် ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။