KNU တပ်မဟာ (၆) ကို စစ်ကောင်စီတပ်က အပြင်းအထန် ထိုးစစ်ဆင်
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်က တပ်ရင်း ၁၈ ရင်းနဲ့ ကုန်းကြောင်း၊ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
- 2022-08-25
-
-
-
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် အတွင်း စစ်ကောင်စီတပ်က တပ်ရင်း ၁၈ ရင်းနဲ့ ကုန်းကြောင်း၊ လေကြောင်းသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
KNU တပ်မဟာ (၆) နယ်မြေမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၄၄) လက်အောက်ခံ တပ်ရင်း (၁၇) ခုနဲ့ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်းတစ်ခု စုစုပေါင်း တပ်ရင်း ၁၈ ခုနဲ့ ဒီလအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာတာကြောင့် သြဂုတ်လ ၁ ရက်ကနေ ၂၀ ရက်အထိ စုစုပေါင်းတိုက်ပွဲ ၃၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ KNU က သြဂုတ်လ ၂၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒေါနတောင်တန်းအရှေ့ဘက်ခြမ်းကို သဲသဲမဲမဲ တိုက်ခိုက်နေ တာလို့ KNU တပ်မဟာ (၆) နယ်မြေ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ္စတန်က RFA ကို ပြောပါတယ်။
“အထူးသဖြင့်ကတော့ ကျနော်တို့ ဒီမြဝတီတောင်ဘက်ခြမ်းရယ် ကော့ကရိတ် တောင်ဘက်ခြမ်းရယ်ပေါ့။ အဲဒီမှာကတော့ အထူးသဖြင့် တောက်လျှောက်ဖြစ်လာ တယ်လို့ပဲ ပြောရမှာပေါ့လေ။ ဟို…၂၀၂၁ ဒီဇင်ဘာ လောက်ကနေပြီးတော့ အခုထိပဲလို့ ပြောရမှာပေါ့။ အခုကျတော့ ဒီအထူးသဖြင့် သူတို့က ဒေါနအရှေ့ခြမ်းကို မဲတယ်ဗျ။ ဘာသဘောလဲတော့ မသိဘူး။ အဲဒီမှာလည်းပဲ တိုက်ပွဲတွေမှာ ကျတော့လည်း အထိနာတဲ့ သဘောတော့ရှိတာပေါ့”
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာအပြောင်းအလဲ လုပ်ပြီးတဲ့နောက်မှာ ဒူးပလာယာခရိုင်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာတာလို့ ပဒိုစောလစ္စတန်က သုံးသပ်ပါတယ်။
ဩဂုတ်လ ၁၉ ရက်မှာ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးကို ကရင်ပြည်နယ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်နေရာကို ပြောင်းရွှေ့ခဲ့ပြီး အရင်အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်ကို မြောက်ပိုင်းတိုင်း ကို ပြောင်းရွှေ့ခဲ့တယ်လို့ ဧရာဝတီသတင်းဌာနက ဩဂုတ်လ ၂၀ ရက်မှာ ရေးသားထားပါတယ်။
အခု ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ မြဝတီနဲ့ ကော့ကရိတ် ဒေသတွေအတွင်း ဖြစ်ပွား နေပြီး စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း ခြောက်ခုနဲ့ ကော်ဘရာစစ်ကြောင်း က ပြန်လည်ခုခံတိုက်ခိုက်နေတာပါ။
"လေကြောင်းတိုက်ခိုက်မှုများစွာနဲ့ တစ်နေရာတည်းကို ဗုံးကြဲချပြီးတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်"
ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ မြဝတီ - ဝေါလေလမ်းပိုင်း သုံးထပ်ကွေ့ဒေသ မှာတော့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ လက်နက်ကြီး တွေနဲ့ အဆက်မပြတ်ပစ်ခတ်တာ၊ ဟောင်ဝစ်ဇာ အမြောက်တွေ အသုံးပြုတာ၊ အတွဲ လိုက်ပစ်ဒုံးစနစ်တွေနဲ့ ပစ်ခတ်တာအပြင် တိုက်လေယာဉ်တွေနဲ့ ဖျက်အားပြင်း ဗုံးတွေအသုံးပြုတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကို က ပြောပါတယ်။
“ပြီးခဲ့တဲ့ ခုနစ်ရက်လောက်တွင်းမှာတော့ ပိုပြီးတော့ ပြင်းထန်တယ်။ စစ်ကောင်စီ ဘက်က နဂိုသုံးတဲ့အင်အားထက် ပိုပြီးတော့သုံးတယ်။ သာလွန်အင်အားအသုံးပြုတဲ့ အပြင် စစ်မျက်နှာများစွာ သူတို့ဖွင့်တယ်ပေါ့နော်။ နောက်ပြီးတော့ လက်နက်ကြီး ပစ်ကူတွေ အမြောက်အမြား အသုံးပြုတယ်။ လက်နက်ကြီးတွေ စုပြုံပစ်ခတ်တဲ့အပြင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တယ်။ ဗုံးကြဲတိုက်ခိုက်တဲ့အခါမှာလည်း အသုံးပြုတဲ့ ဗုံးတွေက ပေါင် ၅၀၀ ဗုံးသီးတွေပေါ့။ ပေါင် ၅၀၀ ဗုံးသီးဆိုတာ ကျတဲ့နေရာတစ်ခုလုံးကို အမှုန့်ညက်ညက် ကြေသွားတဲ့အခြေအနေမျိုးပေါ့။ ဒါပြီးရင် ကလက်စတာဗုံးပေါ့။ ဒီလိုမျိုးဗုံးတွေကို လေကြောင်းတိုက်ခိုက်မှုများစွာနဲ့ တစ်နေရာတည်းကို ဗုံးကြဲချ ပြီးတော့ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်”
ဩဂုတ်လအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၄၈ ဦး သေဆုံးပြီး ၈၀ ဦး ထိခိုက် ဒဏ်ရာရပေမယ့် KNU တပ်တွေဘက်ကတော့ နှစ်ဦးသာကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ် လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီခြားအတည် မပြုနိုင်သေးပါဘူး။ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။ ကရင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်ကတော့ အခုလို တိုက်ပွဲ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူ့မှာ ပြောရေးဆိုခွင့်မရှိဘူးလို့ တုံ့ပြန်ပါတယ်။
KNU ဒူးပလာယာခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောလစ္စတန်ကတော့ အခုလို KNU ဘက်က ထိခိုက်သေဆုံးမှုနည်းပြီး စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးမှုများတာဟာ KNU တပ်တွေရဲ့ နယ်မြေကျွမ်းကျင်မှု၊ ပြောက်ကျားစစ် အသုံးပြုမှုနဲ့ စိတ်ဓာတ်ပြင်းထန်မှုတွေ ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် မြဝတီနဲ့ ကော့ကရိတ်ဘက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် ရတဲ့ အရပ်သားတွေ တိုးလာသလို အရပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ KNU က ပြောပါတယ်။
တိုက်ပွဲကြောင့် အရပ်သားတွေဟာ အသက်လုပြီး သောင်ရင်းမြစ်ဘေးအထိ ထွက်ပြေးလာ ရသလို ထမင်းလည်း နပ်မှန်အောင် မစားရဘူးလို့ စစ်ဘေးဒုက္ခသည်တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်ဖြစ်ချင်း ကျမတို့မှာ ပြေးလွှားနေရတာ တစ်ဆင့်ပြီး တစ်ဆင့်ပေါ့။ ပြေးလိုက် နားလိုက် ဒီလိုပဲ ခြေလျင်ပဲ ပြေးရတာပဲ။ ပြေးဖို့လွှားဖို့လည်း ကားမရှိ၊ ဆိုင်ကယ်မရှိ။ မိုးတောထဲမှာ၊ ရေတောထဲမှာ ချော်လဲတာမျိုး။ လူကြီးတွေကတော့ သူများ ပွေ့ချီရတယ်။ ကြောက်အားလန့်အားနဲ့ ပြေးနေရတာ ဟိုး…. ကမ်းနားထိ (သောင်ရင်းမြစ်ဘေး)။ ကမ်းနားမှာပဲ အိပ်ရတာယ်။ ကမ်းနားမှာပဲ စားသောက် နေရတယ်။ တချို့တွေကျတော့လည်း ထမင်းနပ်မှန်အောင် မစားရဘူး”
KNU တပ်မဟာ (၆) နယ်မြေအတွင်း တိုက်ပွဲတွေကြောင့် အရပ်သား ကိုးသောင်းကျော် (၉၀,၂၉၁ ဦးအထိ) အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ် လို့ KNU ရဲ့ သြဂုတ်လ ၂၄ရက်က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။ အများစုက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတာလို့ စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။