ကလေးမြို့နယ် တစ်လအတွင်း ၁၀ ဦး သေဆုံးပြီး သုံးထောင်ကျော် ထွက်ပြေးနေရ
စစ်အာဏာသိမ်းမှုကို အစောဆုံး လက်နက်ကိုင်ဆန့်ကျင်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ နှစ်ဘက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း လူ ၁၀ ဦး သေဆုံးပြီး သုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့နယ်ထဲကပဲ သာယာကုန်း၊ ထောက်ကြန့်၊ ချောင်းခွ၊ သံဖို၊ နတ်ချောင်း၊ ဟားခါးလေး စတဲ့ကျေးရွာတွေကနေ လူနေအိမ် ၁၀၀ နီးပါးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
- 2022-09-09
-
-
-
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် PDF တပ်ဖွဲ့ဝင် လေးဦးနဲ့ အရပ်သား ခြောက်ဦး သေဆုံးပြီး သုံးထောင်ကျော်ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
လက်နက်ကိုင်ဆန့်ကျင်မှု အားကောင်းတဲ့ ကလေးမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ဩဂုတ် ၂ ရက်နေ့ကတည်းက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနေ့က ကလေးမြို့တောင်ပိုင်း သာယာကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာချိန် ရွာသား နှစ်ဦးဖြစ်တဲ့ ဦးရန်လမ်မွီးနဲ့ ဦးထောင်အုပ် အသတ်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
"Ram Lam Mawi က ငါးကန်နားမှာ သူ့နာရီတစ်လုံးနဲ့ သူ့ ပုဆိုးတွေ့တာ။ မြေက ဖောင်းပြီးတော့ မြှုပ်ထားတာကို တွေ့တယ်။ အလောင်းကို အဝတ်နဲ့ပတ်ပြီးတော့ မြှုပ်ထားတာ အဲဒီမှာတွေ့တယ်။ ဦးထောင်အုပ်ကျတော့ ရွာထဲမှာ စစ်ကောင်စီတွေ ဝင်တဲ့အချိန်မှာ ရွာထဲမှာ စစ်သားတွေမြင်လို့ သူ့အိမ်ဘက်ကို ပြေးတာ၊ အဲမှာ စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်တာလို့ အဖမ်းခံထားရတဲ့သူတွေက ပြောတယ်"
ဩဂုတ်လ ၁၆ ရက်နေ့ကလည်း လယ်ထဲမှာ နွားကျောင်းနေတဲ့ ကလေးမြို့နယ် နတ်ချောင်းရွာက အသက် ၄၅ နှစ်အရွယ် ဦးအောင်ကျော်သူ၊ လေးအိမ်စုရွာက လယ်ထွန် နေတဲ့ ဦးအောင်ဌေးနဲ့ ဦးဘိုနီ တို့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်တာကို ခံခဲ့ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလိုသတ်ဖြတ်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ကလေးမြို့နယ် သာယာကုန်း၊ ထောက်ကြန့်၊ ချောင်းခွ၊ သံဖို၊ နတ်ချောင်း၊ ဟားခါးလေး စတဲ့ကျေးရွာတွေကနေ လူနေအိမ် ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး လူဦးရေ သုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကလေး PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သာယာကုန်းရွာရယ်၊ ထောက်ကြန့်ရွာရယ်၊ ချောင်းခွရွာရယ်၊ သံဖိုးရွာရယ် ပြီးရင် နတ်ချောင်း၊ ဟားခါးလေးကတော့ ထွက်ပြေးနေကြ၊ စစ်ကြောင်းလမ်းတွေဆိုတော့ စစ်ကြောင်းလာရင် ထွက်ပြေးနေကြပေါ့။ မီးရှို့စာရင်းက သာယာကုန်းမှာက ၅၆ အိမ်၊ လေးအိမ်စုကျေးရွာမှာ ငါးအိမ်၊ ချောင်းခွက ၁၂ အိမ်လောက်ရှိတယ်။ ဩဂုတ်လမှာ သာယာကုန်းရွာ၊ လေးအိမ်စု၊ ချောင်းခွ၊ ထောက်ကြန့် အဲဒီရွာတွေ အိမ်မီးရှို့ခံရတယ်"
ကလေးမြို့နယ်တစ်ခုတည်းမှာတင် စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်ဆန့်ကျင်နေတဲ့ Kalay PDF၊ Ranger Kalay Defend Force၊ CNDF (VAKOK)၊ ကလေး-ကဘော်-ဂန့်ဂေါ (KKG) နဲ့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အပါအဝင် စုစုပေါင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့ ခြောက်ဖွဲ့ ရှိပါတယ်။
စစ်ကောင်စီဘက်ကတော့ ကလေးမြို့ပေါ်မှာတင် (ဒကစ) လို့ ခေါ်တဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် အခြေစိုက်ထားပြီး အဲဒီ (ဒကစ) လက်အောက်မှာ ခလရတပ်ရင်းပေါင်း ၁၄ ရင်းက မြို့နယ်တစ်ခုလုံးနဲ့ အနီးတစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့နယ်ထဲက ကျေးရွာတွေမှာ ဩဂုတ်လအတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ် ထက်မနည်း ဖြစ်ခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
"ရွာကိုမဝင်ရင်တော့ ကျနော်တို့ကလည်း အဲလောက်ကြီးမတိုက်ပါဘူး။ ရွာတွေဘက်ဦးတည်ပြီး ဝင်ရင်တော့ ကျနော်တို့ကလည်း ပြန်ပြီးတော့ ခုခံတိုက်ခိုက်တာပေါ့"
စစ်တပ်က ကျေးရွာတွေကို ပစ်ခတ်ဝင်လာပြီး ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်နေတာ ကြောင့် ခုခံကာကွယ်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"သူတို့က ရွာဘက်ကို စစ်ကြောင်းထိုးလာတာဆိုတော့လေ၊ ကျနော်တို့ကလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရတာဆိုတော့ ရွာတွေဘက် ဝင်ရင်တော့ ပစ်ခတ်မှုတွေ ရှိတာပေါ့နော်။ ရွာကိုမဝင်ရင်တော့ ကျနော်တို့ကလည်း အဲလောက်ကြီး မတိုက်ပါဘူး။ ရွာတွေဘက်ဦးတည်ပြီး ဝင်ရင်တော့ ကျနော်တို့ကလည်း ပြန်ပြီးတော့ ခုခံတိုက်ခိုက်တာပေါ့။ အဓိကတော့ သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲမှာတော့ လက်နက်မမျှတာ၊ ကျည်ဆန်ပေါ့၊ ပစ်အားတွေက သူတို့လောက် မသုံးနိုင်ဘူးလေ။ ကျနော်တို့က ပြည်သူ လူထု လှူဒါန်းထားတဲ့ ငွေနဲ့ပဲဝယ်ထားတဲ့ ပစ္စည်းတွေနဲ့ပဲဆိုတော့ လှူဒါန်းသလောက် နဲ့ပဲ ဝယ်ထားတာဆိုတော့ သူတို့ကိုတေ့ မမီဘူးပေါ့။ သူတို့က နိုင်ငံဘဏ္ဍာ သုံးထားတာ ဆိုတော့ သူတို့နဲ့ ယှဉ်ပစ်နိုင်မှ သူတို့နဲ့ တန်းတူတိုက်နိုင်ဖို့ လက်နက်ကောင်းတွေ ရှိဖို့လိုတယ်"
ရွာသားတွေကို ပစ်ခတ်သတ်ဖြတ်မှု၊ ကျေးရွာတွေကို မီးရှို့မှုဖျက်ဆီးမှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်တွေကြောင့် ကလေးမြို့နယ်ထဲက ကျေးရွာသားတွေဟာ တချို့လည်း မြို့ပေါ် တက် ပုန်းရှောင်နေကြသလို၊ တချို့လည်း အနီးအနားမှာပဲ ဖြစ်သလို ပုန်းရှောင်နေကြပြီး ပုံမှန် လယ်စိုက်ပျိုးရေးတွေကို ပစ်ပယ်ထားရတယ်လို့ ချောင်းခွရွာက စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
"တောင်သူ စိုက်တဲ့သူတွေ ဖြစ်ပေမယ့် အခု စပါးတွေ မစိုက်နိုင်ဘူး။ ဒီတိုင်း လယ်တွေ ပစ်ထားရတယ်။ တချို့ အဆင်ပြေတဲ့သူတွေဟာ မြို့ပေါ်မှာပြေးပြီးတော့ အိမ်တွေ ငှားပြီးတော့ နေကြတော့တာ။ တချို့ကတော့ ရွာထဲမှာပဲ နေတယ်။ စစ်ကြောင်း ထိုးလာရင် ရှောင်တယ်။ ပြီးရင် ရွာကိုပြန်လာတယ်။ တချို့ နေစရာမရှိတာတွေလည်း ရှိတယ်။ အခက်အခဲတွေက အများကြီးပဲ။ အစားအသောက်ကအစ၊ နေရာထိုင်ခင်းပါ ခက်ခဲတယ်"
ကလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းအရ စစ်ကိုင်းတိုင်းရဲ့ အနောက်ဘက် စွန်းမှာ တည်ရှိတဲ့ ကလေးမြို့နယ်မှာ လူဦးရေ သုံးသိန်းခွဲကျော် နေထိုင်ပြီး၊ ချင်းပြည်နယ်နဲ့ ထိစပ်နေတာကြောင့်လည်း လူဦးရေ တစ်ဝက်နီးပါးက ချင်းလူမျိုးတွေ ဖြစ်ပါတယ်။
မြို့နယ်တစ်ခုလုံးမှာ မြို့ပေါ်ရပ်ကွက် ၂၀ နဲ့ ကျေးရွာပေါင်း ၁၅၆ ရွာ ရှိပါတယ်။ လူဦးရေ သုံးသိန်းခွဲကျော်အနက် တစ်သိန်းခွဲနီးပါးသာ မြို့ပေါ်မှာနေထိုင်ပြီး ကျန်တဲ့ နှစ်သိန်းကျော် က ကျေးလက်ဒေသမှာ နေထိုင်ပါတယ်။
အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ က လူဦးရေ ငါးသောင်းကျော်ဟာ စစ်ဘေး ဒုက္ခသည်တွေအဖြစ် ဘေးလွတ်ရာမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။