ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ စစ်ကိုင်းနဲ့ မကွေးက အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသကနေ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ပယ်ခံထားရသလို ကျန်အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
- 2022-08-19
-
-
-
စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေး တိုင်းဒေသကနေ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ် သမား ၁၀၀ ကျော် အလုပ်ထုတ်ပယ်ခံထားရသလို ကျန်အလုပ်သမားတွေဟာလည်း လုပ်ငန်းခွင်တွင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်လို့ ကာယကံရှင်အလုပ်သမားတွေနဲ့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
အဲဒီအလုပ်သမား ၁၀၀ ကျော်ဟာ ၅ မျဉ်းစောင်းနဲ့ စတဲ့ စစ်ကိုင်းတိုင်းက နိုင်ငံသားမှတ်ပုံ တင် ကိုင်ဆောင်ထားသူတွေနဲ့ ၈ မျဉ်းစောင်းနဲ့စတဲ့ မကွေးတိုင်းက နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစလို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်ပယ်ခံခဲ့ရတာလို့ ဆိုပါတယ်။
"၅ မျဉ်းစောင်းဖြစ်တာ ဘာအပြစ်ရှိလို့လဲဗျာ၊ ကျနော်တို့မှာ PDF ကို ထောက်ပံ့ဖို့ နေနေသာသာ ထမင်းနပ်မှန်အောင် ရှာဖွေနေရတာပါ"
စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက လာ ရောက်လုပ်ကိုင်သူတွေကို အလုပ်မခန့်ဖို့ ညွှန်ကြားလာပြီးနောက် အခုလို အလုပ်ထုတ် ခံရမှုတွေ ရှိလာတာလို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများ (FGWM) အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်က RFA ကို ပြောပါတယ်။
"ဒီ ၅ မျဉ်းစောင်း၊ ၈ မျဉ်းစောင်းကိစ္စက ဒီစစ်ကောင်စီကခန့်တဲ့ အလုပ်သမားဝန်ကြီး ဌာနရဲ့ ညွှန်ကြားချက်ကို အလုပ်ရှင်တွေက အကောင်အထည် ဆောင်ရွက်နေကြတယ် လို့ အလုပ်သမားတွေဆီက ပြောကြား ချက်အရ ကျမတို့ တွေ့ရှိရတယ်။ အဲညွှန်ကြား ချက်တွေကြောင့်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ထုတ်မယ်ဆိုတဲ့ အသံတွေကြားနေ ရသလို ထုတ်သွားတဲ့အရာတွေလည်း ကျမတို့ဆီကို အလုပ်သမားတွေဆီက တင်ပြ လာတယ်၊ တကယ်အထုတ်ခံနေရတဲ့ အခြေအနေတွေလည်း ကျမတို့ သိရတယ်"
အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားချက်ဟာ တရားဝင် စာထုတ်ပြန် ညွှန်ကြားတာလား၊ နှုတ်နဲ့ ညွှန်ကြားတာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁၇ ရက်နေ့က စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒါဟာ သတင်း မှားတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“အဲဒီသတင်းက မမှန်ဘူးဗျ၊ မှားနေတယ်။ အကောင်းဆုံး အဖြေ အပြည့်အစုံအတွက် ပြန်ကြားရေးက သတင်းစာရှင်းလင်းပွဲ တက်ပါလို့ ကျနော် ပြောချင်တယ်“
အလုပ်သမားတွေ အလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဩဂုတ်လ ၁၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ်ရှင်းလင်းမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုပေမယ့် သတင်းစာရှင်းလင်းပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ရှင်းလင်းတာ မတွေ့ရပါဘူး။
အလုပ်ထုတ်ခံရသူတွေဟာ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တောင်ဒဂုံ စက်မှုဇုန်တွေမှာရှိတဲ့ အထည်အလိပ် စက်ရုံနဲ့ ဖိနပ်စက်ရုံတွေမှာ အများဆုံးအလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ပါ တယ်။
တောင်ဒဂုံစက်မှုဇုန် ဖိနပ်စက်ရုံတစ်ခုကနေ အလုပ်ထုတ်ခံလိုက်ရတဲ့ မသီသီ (အမည်လွှဲ) က မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်း နိုင်ငံသားမှတ်ပုံတင်တွေ ကိုင်ဆောင်ထားတဲ့ သူအပါအဝင် ၁၅ ဦး ပြီးခဲ့တဲ့လက တစ်ပြိုင်တည်း အလုပ်ထုတ်ခံခဲ့ရကြောင်း ပြောပါတယ်။
"ညီမတို့လိုင်းရဲ့ စာရေးမရှိတယ်လေ၊ စာရေးမက မှတ်ပုံတင်တွေ နောက်နေ့ယူခဲ့ပါလို့ ပြောလို့ သူတို့တောင်းတဲ့အတိုင်း ပေးလိုက်တာ၊ ပေးလိုက်ကာမှ သူတို့က ၈ မျဉ်းစောင်း၊ ၅ မျဉ်းစောင်း ကိုင်တဲ့သူတွေကို ခဏနားဖို့ပေါ့ နော် အဲလိုပြောတာ၊ အခြေအနေ ပြန်ပြီး ငြိမ်ရင် ပြန်ခေါ်မယ် အဲလိုပြောတာ"
မသီသီဟာ မကွေးတိုင်း ရေစကြိုမြို့နယ် ဇာတိဖြစ်ပြီး အဲဒီဖိနပ်စက်ရုံမှာ အလုပ်လုပ်ခွင့်ရ ပြီးနောက် ခြောက်ရက်အကြာမှာ အလုပ်ရပ်နားခံရတာလို့ ပြောပါတယ်။ အခုတော့ အလုပ် လက်မဲ့ ဘဝရောက်သွားလို့ စားဝတ်နေရေးလည်း အဆင်မပြေတော့ဘူးလို့ သူက ပြောပါ တယ်။
ရွှေပြည်သာ စက်မှုဇုန်၊ ဇုန်(၂) က အထည်ချုပ်စက်ရုံတစ်ခုကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ မဝေမာ (အမည်လွှဲ) ကလည်း သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ဘာနစ်နာကြေးမှ မရဘဲ အလုပ်ထုတ်ခံခဲ့ရတာလို့ ပြောပါတယ်။
"သမီးတို့ကတော့ ဝမ်နင် တစ်ကြိမ်တည်းနဲ့ ထုတ်လိုက်တဲ့အတွက်တော့ အဆင်တော့ မပြေဘူးပေါ့၊ နောက်ထပ်အလုပ်တွေ ပြန်ရှာရတာရော နောက်ပြီးတော့ ဘာနစ်နာကြေး မှ မရဘဲနဲ့ ထုတ်ခံရတာ မတရားသလို ခံစားရတယ်၊ စက်ရုံကနေ ဒီအတိုင်းပဲ ရော့ ဒီမှာ လက်မှတ်ထိုး နင်အရောင်းအဝယ် တစ်ခုကြောင့် ဒီလိုမျိုး အလုပ်ထုတ်လိုက်တယ်ဆိုတဲ့ ပုံစံနဲ့မျိုးနဲ့ ထုတ်လိုက်တာ၊ ထုတ်လိုက်တာ နစ်နာကြေးဆိုတာလည်း ဘာမှန်းမသိဘူး၊ နှစ်ပြည့်ကြေး ဆိုလို့ရှိရင် ဒီ ၈လပိုင်း ၁၀ ရက်နေ့ဆိုရင် နှစ်ပြည့် ရရမှာ၊ လေးနှစ်ပြည့် တဲ့ နှစ်ကြေးရရမှာ၊ အဲဒါလေးတောင် ညီမမှာ မရလိုက်ဘူး"
မဝေမာဟာ ၈ မျဉ်းစောင်းနဲ့ စတဲ့ မကွေးတိုင်း မြို့သစ်မြို့နယ်က နိုင်ငံသားမှတ်ပုံတင် ကိုင် ဆောင်ထားသူ ဖြစ်ပါတယ်။ သူနဲ့အတူ ၁၄ မျဉ်းစောင်းနဲ့ စတဲ့ ဧရာဝတီတိုင်းက မှတ်ပုံတင် ကိုင်ဆောင်ထားသူ တစ်ဦးလည်း အလုပ်ထုတ်ခံခဲ့ရပေမယ့် သူ့ကို တော့ စက်ရုံက ပြန် လက်ခံပြီး အလုပ်ဆင်းခိုင်းထားတယ်လို့ ပြောပါတယ်။
အလုပ်ထုတ်ခံရသူ အများစုဟာ လုပ်သက်ကြေး၊ နစ်နာကြေး တစ်စုံတစ်ရာ မရရှိသလို လုပ်ငန်းရှင်တွေက မိမိဆန္ဒအလျောက် အလုပ်ထွက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လက်မှတ်ထိုး ခိုင်းပြီး ထုတ်လေ့ရှိတယ်လို့ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းရှင်တွေက အလုပ်သမားတွေအပေါ် အခွင့်အရေး ချိုးဖောက်တာတွေဟာ စစ် အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာတယ်လို့ လှိုင်သာယာစက်မှုဇုန် အထည်ချုပ် စက်ရုံတစ်ခုကနေ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက အလုပ်ထွက်လိုက်တဲ့ ကိုသက်ဦး (အမည်လွှဲ) က ပြောပါတယ်။
"ကျနော်နဲ့ ပြောနေဆိုနေကျ သူငယ်ချင်းတွေဆိုရင်လည်း ရှောင်ဖယ်သွားတယ်၊ ကျနော့်ကို မပေါင်းကြတော့ ဘူးပေါ့၊ Leader က ကျနော့် တစ်ယောက်တည်းကိုပဲ ဘာအလုပ်မှကို မလုပ်ခိုင်းဘူး၊ တစ်ပတ်လုံးလုံး ဘာအလုပ်မှ မခိုင်းတာတွေတောင် ရှိတယ်၊ ကြာတော့ ကျနော် စိတ်အားငယ်လာတယ်၊ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ၊ ၅ မျဉ်းစောင်းဖြစ်တာ ဘာအပြစ်ရှိလို့လဲဗျာ၊ ကျနော်တို့မှာ PDF ကို ထောက်ပံ့ဖို့ နေနေ သာသာ ထမင်းနပ်မှန်အောင် ရှာဖွေနေရတာပါ"
ကိုသက်ဦးဟာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ဇာတိဖြစ်ပြီး လှိုင်သာယာက အထည်ချုပ် စက်ရုံ တစ်ခုမှာ စက်ပြင်ဝန်ထမ်းအဖြစ် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကပင် ဝင်ရောက်လုပ်ကိုင်ခဲ့ သူပါ။
အရင်က အလုပ်သမားတွေအရေး ကြားဝင်ဖြေရှင်းပေးခဲ့တဲ့ အလုပ်သမားသမဂ္ဂနဲ့ အလုပ် သမား ခေါင်းဆောင်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒါကြောင့် ကြားဝင်ဖြေရှင်းမယ့်သူတွေနဲ့ အဖွဲ့ အစည်းတွေ အားနည်းသွားတာကြောင့် အလုပ်သမားတွေရဲ့ အခြေအနေတွေဟာ အရင် ကထက် ပိုမိုဆိုးရွားလာနေတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိပြီး အဲဒီမှာ စစ်အာဏာသိမ်းပြီးနောက် ပိတ် ထားရတဲ့ စက်ရုံ ၂၉၀ ကျော် ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။