ထိုင်းအိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေနဲ့ မပတ်သက်ကြောင်း Yoma Land ရှင်းလင်း

Yoma Land အနေနဲ့ ထိုင်းနိုင်ငံတွင်းမှာ ကျင်းပခဲ့တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေနဲ့ ပတ်သက်မှုမရှိကြောင်း ပြောထားတာပါ။

၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က စင်ကာပူနိုင်ငံမှာ ကျင်းပသည့် Milken Institute အာရှစီးပွားရေး လုပ်ငန်းရှင်များ ထိပ်သီးညီလာခံတွင် Serge Pun ခေါ် ဦးသိမ်းဝေအား တွေ့ရစဉ်။ Milken Institue

ထိုင်းနိုင်ငံ အိမ်ခြံမြေရောင်းချတဲ့လုပ်ငန်းတွေမှာ ဦးသိမ်းဝေ ခေါ် Serge Pun အမှုဆောင်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ Yoma Land ပါဝင်ပတ်သက်မှုမရှိဘူးလို့ Yoma Strategic က ရှင်းလင်းခဲ့တဲ့အကြောင်း စင်ကာပူ The Straits Times က ဇွန်လ ၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

Yoma Land အနေနဲ့ မြန်မာနိုင်ငံက အိမ်ခြံမြေတွေ ရောင်းချတာကိုပဲ ဦးစားပေး လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုထားပြီး ထိုင်းနိုင်ငံတွင်းမှာ ကျင်းပခဲ့တဲ့ အိမ်ခြံမြေအရောင်းပြပွဲတွေနဲ့ ပတ်သက်မှုမရှိကြောင်း ပြောထားတာပါ။

မြန်မာနိုင်ငံက အိမ်ရာတွေကို ရင်းနှီးမြုပ်နှံလိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက်သာ ပြီးခဲ့တဲ့မေလက ဘန်ကောက်မှာ အိမ်ရာအရောင်းပြပွဲ ကျင်းပခဲ့တယ်လို့ ဆိုထားပါတယ်။

မေလ ၂၅ နဲ့ ၂၆ ရက်နေ့က ဘန်ကောက်မြို့မှာ Yoma Land Myanmar Properties Fair in Thailand ဆိုတဲ့ခေါင်းစဉ်နဲ့ အိမ်ရာအရောင်းပြပွဲတစ်ခု ကျင်းပခဲ့ပြီး အမှုဆောင် ဥက္ကဋ္ဌ ဦးသိမ်းဝေ တက်ရောက်ခဲ့ပါတယ်။ အဲဒီပြပွဲမှာ Star City ၊ ပန်းလှိုင်အိမ်ရာ နဲ့ City Loft West အိမ်ရာတွေကို ပြသခဲ့ပါတယ်။

ထိုင်းနိုင်ငံက ကွန်ဒိုအိမ်ရာရောင်းဝယ်နေတဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေနဲ့ အကျိုးဆောင်တွေကို စစ်ကောင်စီက ဖမ်းဆီးအရေးယူနေပြီး အဖမ်းခံရသူတွေထဲမှာ ရိုးမဘဏ် သူဌေး ဦးသိမ်းဝေ နဲ့ Yoma Land က ဦးဆောင်သူ တချို့ ပါဝင်တယ်လို့ သတင်းတွေ ထွက်နေချိန်မှာ Yoma Land က အခုလို ရှင်းလင်းချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org