ဆယ်လကျော်အတွင်း လက်နက်ကြီးကြောင့် အမျိုးသမီး ၂၃၀ နီးပါး သေဆုံး

သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းထဲက ၆၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၄၆ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက် မနေ့ကအထိ ဆယ်လကျော်အတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၂၂၆ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အဲဒီအထဲမှာ ၁၈ နှစ်အောက် အမျိုးသမီး ၃၀ ပါဝင်တယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းထဲက ၆၃ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ၄၆ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေနဲ့ အမျိုးသမီးတွေပါ သေဆုံးမှုရှိနေတာလို့ ကိုယ်တိုင်ကြုံနေရတဲ့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ကတော့ ရေဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အနီးတစ်၀ိုက်ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ချိန် သံသည်ရွာက လယ်ကွင်းထဲကို ကျရောက်ပေါက်ကွဲတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းခွင်ဝင်နေတဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာတွေကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ပြည်သူတွေအနေနဲ့ကတော့ စစ်ကောင်စီက ဝေဟင်က ဗုံးကြဲမှာတို့၊ လက်နက်ကြီးနဲ့ ပစ်မှာတို့ကိုတော့ ကြောက်လန့်နေရတဲ့ အနေအထားတွေရှိတာပေါ့”

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီမနက် ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

AAPP ရဲ့ အောက်တိုဘာလ ၁၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လောက်အောက်ခံ အဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့သူ ၅၈၅၁ ဦးအထိရှိခဲ့ပြီး အဲဒီအထဲမှာ အမျိုးသမီး ၁၂၃၆ ဦး ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org