ဒုက္ခသည် ၁၇၀၀၀ ကျော်ကို ကူညီပေးခဲ့တယ်လို့ WFP ထုတ်ပြန်

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ဒုက္ခရောက်သည် ၁၇၅၀၀ ကျော်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ WFP က ဇန်နဝါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့ကူညီတဲ့ ဆန်အိတ်တွေတင်ထားတဲ့ ကားတစ်စီးကို တွေ့ရစဉ် Photo: United Nations Myanmar

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစပြီး ချင်း၊ ကရင်၊ ရှမ်း နဲ့ မကွေးတိုင်းထဲက ဒုက္ခရောက်နေသူ ၁၇၅၀၀ ကျော်ကို ထောက်ပံ့ကူညီခဲ့တယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ချင်းပြည်နယ်က ၆၈၀၀၊ ကရင်ပြည်နယ်က ၆၈၀၀၊ ရှမ်းပြည်နယ် မြောက်ပိုင်း က ၃၀၀၀ ကျော် နဲ့ မကွေးတိုင်းက ၉၀၀ စုစုပေါင်း အရပ်သား ၁၇၅၀၀ ကျော်ကို ထောက်ပံ့ကူညီ နိုင်ခဲ့တာလို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြောင့် နိုင်ငံအနှံ့အပြားက အကူအညီ လိုအပ် နေသူတွေထံ ဒီထက်ပိုပြီး အထောက်အပံ့တွေ တိုးမြှင့်ပေးအပ်နိုင်ရေးဟာ ယခုနှစ်အတွက် WFP ရဲ့ အဓိက ဦးစားပေးလုပ်ငန်း တစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ကိန်းဂဏန်းတွေအရ လူဦးရေ သုံးသိန်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UN OCHA) ကလည်း လုံခြုံရေး အခြေအနေနဲ့ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိဖို့ ကြန့်ကြာတာနဲ့ စစ်ဆေးရေးဂိတ်တွေ အများအပြားရှိနေတာ စတဲ့ သွားလာမှုဆိုင်ရာ အခက်အခဲတွေကြားကနေပဲ လူသားချင်း စာနာမှုလုပ်ငန်း ဆောင်ရွက်သူတွေဟာ ဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် အကူအညီတွေ ပေးအပ်နေရတယ်လို့ ဇန်နဝါရီ ၁၉ ရက်မှာ ကြေညာချက် ထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org