လောက်ကိုင်မြို့အဝင်မှာ အရပ်သားကား လက်နက်ကြီးထိမှန်ပြီး ခြောက်ဦးသေဆုံး
လောက်ကိုင်မြို့ အဝင်-အထွက် တုံချိန်ဆိုတဲ့အရပ်မှာ အရပ်သား မော်တော်ကားတစ်စီး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အနည်းဆုံး ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိပါတယ်။
-
RFA Burmese
2023-11-22 -
-
-
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့ အဝင်-အထွက် တုံချိန်ဆိုတဲ့အရပ်မှာ နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ မနက် ၉ နာရီခွဲခန့် အရပ်သား မော်တော်ကားတစ်စီး လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် အနည်းဆုံး ခြောက်ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကိုယ်တိုင် တွေ့ခဲ့တဲ့ ဒေသခံတွေက ပြောပါတယ်။
ပိတ်မိနေတဲ့ ပြည်သူအချို့ လောက်ကိုင်မြို့ကနေ ထွက်ခွာဖို့ကြိုးစားချိန်မှာ လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ပြောပါတယ်။
“အဲဒီကားက ဒီနေ့မနက် လမ်းဖွင့်တယ်ကြားလို့ ပြန်တဲ့ပုံစံပဲ။ လမ်းအဆင်မပြေလို့ ပြန်လှည့်လာကြတဲ့အချိန်မှာ လက်နက်ကြီး တည့်တည့်ကျတာ။ သေတာ ခြောက်ယောက်လောက် ရှိမယ်။ ခန္ဓာကိုယ်တောင် အစအန မရတဲ့လူတွေရော၊ အလောင်းလိုက်ချည်း လမ်းဘေးမှာ လဲနေတဲ့လူတွေရော တွေ့ရတယ်။ ကားတစ်စီးလုံးလည်း ရစရာ မရှိတော့ဘူး။ အလောင်းတွေလည်း ဘယ်သူမှ လာမကောက်ဘူး”
ထိခိုက်သေဆုံးတဲ့ အရေအတွက် အတိအကျနဲ့ ဘယ်အဖွဲ့က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်လဲ ဆိုတာကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ပြောခွင့်ရသူ လီကျားဝင်းကတော့ အဲဒီလက်နက်ကြီးဟာ ကိုးကန့်တပ်ဖွဲ့က ပစ်တာမဟုတ်ဘဲ လောက်ကိုင်မြို့၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) က ပစ်တာလို့ ပြောပါတယ်။
“ဒကစ ပစ်လိုက်တာလို့ သိရတယ်။ လောက်ကိုင် ဒကစကနေ မြို့နဲ့အနီးတဝိုက်ကို လက်နက်ကြီးနဲ့ လျှောက်ပစ်နေတာ ရှိတယ်။ မနေ့ကလည်း ပစ်တယ်။ ဒီနေ့လည်း ပစ်တယ်။ ဒေသခံတွေအနေနဲ့ မိမိသဘောဆန္ဒနဲ့ မသွားကြဖို့ အပြောင်းအရွှေ့ မလုပ်ကြဖို့ ဒကစကပစ်တဲ့ လက်နက်ကြီးတွေကို သတိထားဖို့ တိုက်တွန်းလိုပါတယ်”
ဒီလို ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ညီနောင်မဟာမိတ် သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင် မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် လောက်ကိုင်မြို့မှာ ဒေသခံ သောင်းနဲ့ချီ ပိတ်မိနေပါတယ်။
မြို့ထဲမှာ စားနပ်ရိက္ခာပါ ပြတ်တောက်လာတဲ့အတွက် အရပ်သားပြည်သူတွေ ထွက်ခွာနိုင်စေရေး လမ်းဖွင့်ပေးဖို့ တောင်းဆိုတယ်လို့ ပိတ်မိနေတဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့အချို့နဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့် တပ်တော် (AA) နဲ့ ကိုးကန့် တပ်မတော်လို့ခေါ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး “၁၀၂၇ စစ်ဆင်ရေး”အနေနဲ့ တိုက်ခိုက်သိမ်းပိုက်နေတာပါ။