မြန်မာ့အရေး ဆွေးနွေးဖို့ ကန် တရားမျှတရေးဆိုင်ရာ သံအမတ် ထိုင်း သွားမည်

သံအမတ်ကြီးဟာ ထိုင်း အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) အား တွေ့ရစဉ်။

မြန်မာ့အရေး ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးသံအမတ်ကြီး ဘတ်သ် ဗန် ရှက်ခ် (Beth Van Shaack) ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ သွားရောက်မယ်လို့ အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သံအမတ်ကြီးဟာ ထိုင်း အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ပညာရှင်တွေ၊ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ အောက်တိုဘာ ၂ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ရက်စက်မှုတွေကို ကြုံတွေ့ခံစားရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ တာဝန်ခံမှု တာဝန်ယူမှုရှိရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ရက်စက်ကြမ်းကြုတ်မှုတွေ ခံစားရသူတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှု ရရှိရေးအတွက် အမေရိကန်က ကြိုးစားနေတာကိုလည်း ထပ်မံပြောကြားပါမယ်။ ဒါတင်မက အသက်မသေရှင်ကျန်ရစ်သူတွေနဲ့ ရက်စက်မှုတွေကို ခံစားရသူတွေနဲ့ အတူရပ်တည်ပြီး သူတို့အတွက် တရားမျှတရေး ဆက်လက်လုပ်ဆောင်နေကြောင်း ထပ်လောင်းပြောကြားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ မိမိသဘောဆန္ဒအလျောက် လုံလုံခြုံခြုံနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်တဲ့ အခြေအနေ ဖန်တီးပေးဖို့လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်တိုက်တွန်းတယ်လို့လည်း ရေးသားထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org