စိတ်ကြွဆေးပြား သန်း ၅ဝ ထိုင်းနိုင်ငံမှာ စံချိန်တင်ဖမ်းမိ

ကုန်တင်ကားတစ်စီးပေါ်မှာ ဖွက်ပြီးသယ်လာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ ရဲနဲ့ စစ်တပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ တွေ့ခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဉ်။ AP

မြန်မာနိုင်ငံနယ်စပ်နဲ့ ကပ်လျက်ရှိတဲ့ ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနာဘူရီခရိုင်မှာ မြန်မာဘက်က တရားမဝင်ခိုးသွင်းလာတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား သန်း ၅ဝ စံချိန်တင်ဖမ်းမိတယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ခြောက်ဘီးကုန်တင်ကားတစ်စီးပေါ်မှာ ဖွက်ပြီးသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံရဲနဲ့ စစ်တပ်ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခုမှာ အင်္ဂါနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကုန်တင်ကားနဲ့အတူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုပါ ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

UNODC ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုနှိမ်နင်းရေးအဖွဲ့ အရှေ့တောင်အာရှဆိုင်ရာကိုယ်စားလှယ် Jeremy Douglas က ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပမာဏတွေထဲမှာ ဒါဟာ အများဆုံးဖြစ်ပြီး ကန်ချနာဘူရီဒေသမှာ အခုလိုအဖြစ်ပျက်မျိုး မကြုံဖူးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ပြည်သူ့စစ်တွေနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေက စိတ်ကြွဆေးတွေ အကြီးအကျယ်ထုတ်လုပ်နေကြတဲ့အတွက် အခုလို ဖမ်းမိတာဟာ အံသြစရာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီး အနုတင် ချန်ဗီရာကူးလ်ကလည်း အရင်က ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက ဝင်လာတဲ့ မူးယစ်ဆေးဝါးတွေဟာ အခုလမ်းကြောင်းပြောင်းပြီး ထိုင်းနိုင်ငံအနောက်ခြမ်း ကန်ချနာဘူရီခရိုင်လို ဒေသတွေက ဝင်ရောက်နေတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org