မြန်မာပြည်က ဒုက္ခသည်တွေအတွက် ထိုင်းအစိုးရ ဘတ်သုံးသန်း လှူ

မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုကူညီဖို့ ကုသလမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF၊ UNHCR နဲ့ WFP တို့ကို ထိုင်းအစိုးရက တစ်ဖွဲ့အတွက် ဘတ် တစ်သန်းနှုန်းနဲ့ စုစုပေါင်း ဘတ်သုံးသန်း လှူဒါန်းလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် လော့ခေါ်စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား ၂၀၂၄ ခုနှစ် ဧပြီလက တွေ့ရစဉ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကိုကူညီဖို့ ကုသလမဂ္ဂ အဖွဲ့အစည်းတွေဖြစ်တဲ့ UNICEF၊ UNHCR နဲ့ WFP တို့ကို ထိုင်းအစိုးရက တစ်ဖွဲ့အတွက် ဘတ် တစ်သန်းနှုန်းနဲ့ စုစုပေါင်း ဘတ်သုံးသန်း လှူဒါန်းလိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

လူသားချင်း စာနာမှု အကူအညီ အရေးပေါ် လိုအပ်နေတဲ့သူတွေအတွက် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်ဖို့ တာဝန်ရှိတယ်ဆိုတာ နားလည်တဲ့အတွက် ကူညီတာလို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနလက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဌာနရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ပင်ဆူဒါ ဂျာရာနမာက ပြောပါတယ်။

UNICEF ကလေးများ ရန်ပုံငွေအဖွဲ့အနေနဲ့ ဒီအလှူငွေကို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အစားအာဟာရ၊ ရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေအတွက် သုံးမယ်လို့ဆိုပါတယ်။

WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဆက်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေအတွက် သုံးမယ်လို့ ဆိုပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ မြန်မာပြည်က ဒုက္ခသည်တွေ၊ ဒုက္ခသည် လျှောက်ထားတဲ့သူတွေ၊ နိုင်ငံမဲ့နေတဲ့သူတွေအတွက် သုံးမယ်လို့ဆိုပါတယ်။

အခုလို လှူဒါန်းတဲ့အတွက် ထိုင်းအစိုးရကို အထူးကျေးဇူးတင်ပါတယ်လို့ UNICEF ရဲ့ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ကျွန်းစွန်း ခင်မ် (Kyungsun Kim) က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org