ဆယ်တန်းကျောင်းသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် တစ်သက်ချမှတ်

အသက် ၁၈ နှစ်အရွယ် ကိုဟိန်းထက်ကို စစ်ခုံရုံးကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်ခဲ့တာပါ။

စစ်ခုံရုံးကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရသည့် ကိုဟိန်းထက်။ ဗကသများအဖွဲ့ချုပ်

ရန်ကုန်တိုင်း အထက (၁) မြောက်ဥက္ကလာပက ဆယ်တန်းကျောင်းသား အသက် ၁၈ နှစ်အရွယ် ကိုဟိန်းထက်ကို စစ်ခုံရုံးကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်ခဲ့ တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) တို့နဲ့ စွပ်စွဲအမိန့်ချလိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

"ဖေဖော်ဝါရီလ ၉ ရက်နေ့က ချလိုက်တာပါ။ အသက်က ၁၈ နှစ်ပြည့်ရုံပဲ ရှိပါသေးတယ်။ ၅၀၅ (က) တစ်ခု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မ ၅၀ (ည) တစ်ခုဗျ။ တစ်သက်တစ်ကျွန်းချလိုက် တာက ၅၀ (ည) နဲ့ဗျ"

ကိုဟိန်းထက် (ခ) ကိုပိုပို ဟာ အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး အာဏာမသိမ်းခင်မှာ ဆယ်တန်းကို တက်ရောက်ခဲ့ပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်အထိသာ ချမှတ်နိုင်ပေမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) က ထောင် ၁၀ နှစ်ကနေ တစ်သက်အထိ ချမှတ်နိုင်တဲ့ ဥပဒေ ဖြစ်ပါတယ်။

ကိုဟိန်းထက်ဟာ မရမ်းကုန်းမြို့နယ်မှာ စည်းရုံးရေးလုပ်ဆောင်နေချိန် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးခံလိုက်ရတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ၁၅,၁၇၇ ဦး ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲက ၃၇၁၃ ဦးက ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရပါတယ်။  

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org