ဈေးရောင်းသူကို မောင်းထုတ်တဲ့ကိစ္စ ရဲစခန်းမှာ တိုင်ကြား
စက်တင်ဘာ ၅ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ အစ္စလာမ်ဘာသာဝင် တစ်ဦး ဈေး လာရောင်းတာကို ရဟန်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့က မောင်းထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက် အဓမ္မဝါဒီ ဆန့်ကျင်ရေး ကော်မတီဝင်တွေက ဗဟန်းမြို့နယ် ရဲစခန်းကို သွားရောက် တောင်းဆိုကြပါတယ်။
-
2017-10-06 -
-
-
စက်တင်ဘာ ၅ ရက်နေ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာ အစ္စလာမ်ဘာသာဝင် တစ်ဦး ဈေးလာရောင်းတာကို ရဟန်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့က မောင်းထုတ်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အရေးယူဆောင်ရွက်ပေးဖို့အတွက် အဓမ္မဝါဒီ ဆန့်ကျင်ရေး ကော်မတီဝင်တွေက ဗဟန်းမြို့နယ် ရဲစခန်းကို သွားရောက် တောင်းဆိုကြပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ စစ်ဆေးဆောင်ရွက်နေကြောင်းနဲ့ အထက်အဖွဲ့အစည်း အဆင့်ဆင့်ကို တိုက်ရိုက်တင်ပြပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဗဟန်းမြို့နယ် စခန်းမှူးကပြောကြောင်း အဓမ္မဝါဒီ ဆန့်ကျင်ရေး ကော်မတီ ဥက္ကဌ ဦးမြတ်ကျော်က ပြောပါတယ်။
"စခန်းမှူးနဲ့ တွေ့ပါတယ်၊ တာဝန်မှူးနဲ့ တွေ့ပါတယ်၊ သူတို့ကတော့ ဒီဖြစ်စဉ်ကို မသိဘူးပေါ့ ပထမတုန်းက၊ အခုတော့ စုံစမ်းစိစစ်မှုတွေ လုပ်နေတယ်ပေါ့၊ ကျနော်တို့မှာ ဒီမှာသက်သေအထောက်အထားတွေ ရလာပြီ၊ လုပ်ခံရတဲ့ လူတစ်ယောက်ရဲ့ ပြောကြားချက်တွေပေါ့၊ နိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ အစ္စလာမ် ဘာသာဝင်ဖြစ်တယ်၊ ဒီလိုအချက်တွေကို ပြောပြတယ်၊ လိုအပ်ရင်ပေးမယ်ဆိုပြီ အစ်ကိုတို့လူတွေ ထားခဲ့ပါတယ်၊ ပြောချင်တာက အစ်ကိုတို့ ဝိုင်းလုပ်ကြမယ်ပေါ့၊ သူတို့ကလည်း ဝိုင်းလုပ်ပါ့မယ်ပေါ့၊ ဒါဟာ နိုင်ငံသားတွေအားလုံး ကိစ္စပေါ့၊ သူတို့ အထက်အဖွဲ့အစည်းအသီးသီးကို တိုက်ရိုက်တင်ပြပါမယ် ဒီလိုတော့ ပြောခဲ့ပါတယ်"
ဒီကိစ္စအတွက် အမှုဖွင့်တာမဟုတ်ဘဲ ရဲစခန်းမှာ တိုင်ကြားတာသာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကို စုပေါင်းလက်မှတ်ရေးထိုးပြီး တင်ပြသွားဖို့ စီစဉ်နေတယ်လို့ လည်း ဦးမြတ်ကျော်က ပြောပါတယ်။
မနေ့က ရွှေတိဂုံဘုရားမှာ ငုံးဥပြုတ်လာရောင်းတဲ့ အသက် ၆ဝ အရွယ် ရှိတဲ့ အစ္စလာမ် ဘာသာဝင် ဦးအောင်သန်း ဆိုသူကို သံဃာတော် နှစ်ပါးနဲ့ လူ ၂ ယောက်လောက်ကလာပြီး ဘုရားနားမှာ ဈေးမရောင်းဖို့ မောင်းထုတ် ခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်သန်းဟာ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အစောပိုင်းမှာလည်း ရွှေတိဂုံဘုရားအနီးမှာ ဈေးလာရောင်းတဲ့ အစ္စလာမ် ဘာသာဝင်တွေကို ရဟန်းသံဃာအချို့နဲ့ လူပုဂ္ဂိုလ်အချို့က နှင်ထုတ်တာမျိုး ဖြစ်ခဲ့ဖူးပေမယ့် အရေးယူတာမျိုးတော့ မရှိခဲ့ပါဘူး။