လက္ကပင်ရွာသားလေးဦး သတ်ဖြတ်ခံရ
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက္ကပင်ရွာသားလေးဦးကို မတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြစ်ထဲမျှောလိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
-
အောင်သိင်္ခ(ဝါရှင်တန်ဒီစီ)
2023-03-10 -
-
-
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက္ကပင်ရွာသားလေးဦးကို မတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ပြီး မြစ်ထဲမျှောလိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သတ်ဖြတ်ခံလိုက်ရတဲ့သူတွေထဲက အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို မတ်လ ၉ ရက်နေ့က မြောင်နယ် ရွှေပေါက်ပင်ရွာ ရေလည်ကျွန်းသောင်အစပ်မှာတွေ့ခဲ့တာပါ။ သူ့ခန္ဓာကိုယ်မှာ နံကြားထဲ ချွန်ထက်တဲ့အရာနဲ့ထိုးသွင်းထားတဲ့ ဒဏ်ရာတစ်ချက်၊ လည်ပင်းလှီးခံထားရတဲ့ဒဏ်ရာတစ်ချက် တွေ့ရတယ်လို့ပြောပါတယ်။
ကျန်တဲ့သူသုံးယောက်ရဲ့ ရုပ်အလောင်းတွေကိုတော့ မတွေ့သေးဘူးလို့ ပြောပါတယ်။
အလောင်းတွေ့တဲ့သူက လက္ကပင်ရွာသားဖြစ်ပြီး၊ မတွေ့သေးတဲ့သူသုံးယောက်က လက္ကပင်ဒေသခံမဟုတ်ဘဲ အဲဒီမှာ စစ်ဘေးကနေလွတ်အောင်လာပြီးတိမ်းရှောင်နေတဲ့သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
မတ်လ ၅ ရက်နေ့က စစ်ကောင်စီတပ်သားတွေက အဲဒီလက္ကာပင်ရွာကိုဝင်လာတဲ့အချိန်မှာ၊ စိုးရိမ် ကြောက်လန့်လို့ ဘုန်းကြီးကျောင်းမှာပုန်းခိုနေတဲ့သူ ၁၀၀ လောက်ကို စစ်တပ်ကဖမ်းလိုက်တဲ့ အကြောင်း RFA ကတင်ပြခဲ့ပါတယ်။
အဲဒီလူတစ်ရာထဲက ကလေး၊ အမျိုးသမီးနဲ့ အသက် ၆၀ ကျော်သက်ကြီးပိုင်းတွေကို မကြာခင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျန်တဲ့သူတွေထဲက ၄ ဦးကိုသတ်ဖြတ်လိုက်သလို၊ နောက်ထပ် ၄ ဦးလည်းပျောက်နေပြီး သတင်းအစအနမရသေးဘူးလို့ လက္ကပင်ဒေသခံ နောက်တစ်ဦးကပြောပါ တယ်။
ဒီလိုသတ်ဖြတ်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဦးအေးလှိုင်ကို RFA ကဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီတပ်ဟာ စစ်ဘေးဒုက္ခသည်တွေရဲ့ အဝတ်အစားတွေကို မီးရှို့သွားတယ်လို့ဆိုပါတယ်။
မတ်လ ၇ ရက်နေ့မှာတော့ လက္ကပင်ရွာကနေ အလ္လကပ္ပရွာနဲ့ ဝမ်းပြည့်ရွာတွေဆီကို ထွက်ခွာ သွားတယ်လို့ ပြောပါတယ်။
လက္ကပင်ရွာကိုဝင်သွားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေက မြင်းမူမြို့နယ် ညောင်ရင်းကျွန်းကိုရောက်သွားခဲ့ပါတယ်။ အဲဒီမှာလည်း သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း တစ်ဒါဇင်ကျော်တွေ့ရှိခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်အထိ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးတဲ့နောက် သတ်ဖြတ်ခံရတဲ့သူ နိုင်ငံတစ်ဝန်းမှာ သုံးထောင်ကျော်ရှိပြီလို့သိရပါတယ်။