ရိုဟင်ဂျာ ဒုက္ခသည်တွေ စားနပ်ရိက္ခာအကူအညီ ထပ်မံလျှော့ချခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကိုပေးအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ရန်ပုံငွေမလုံလောက်မှုကြောင့် ဒုတိယအကြိမ် ထပ်ပြီး လျှော့ချဖြတ်တောက်ထားရတယ်လို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ပြောပါတယ်။

၂၀၁၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ကော့ဘဇား ၊ ဘာလုခါလီဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာတောင်းခံနေသည့် ရိုဟင်ဂျာဒုက္ခသည်များကို တွေ့ရစဉ်။ Reuters

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကိုပေးအပ်နေတဲ့ စားနပ်ရိက္ခာအကူအညီတွေကို ရန်ပုံငွေမလုံလောက်မှုကြောင့် ဒုတိယအကြိမ် ထပ်ပြီး လျှော့ချဖြတ်တောက်ထားရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေအတွက် အခုနှစ်ကုန်အထိ စားနပ်ရိက္ခာ အကူအညီပေးနိုင်ဖို့ အခက်အခဲတွေ့နေတဲ့အတွက် လူတစ်ဦးကို တစ်လမှာ အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာနှုန်း အစားအသောက် အကူအညီတွေ ပေးနေရာကနေ ပြီးခဲ့တဲ့ မတ်လမှာ ၁၀ ဒေါ်လာအထိ လျှော့ချခဲ့ပြီး ဇွန်လမှာ ရှစ်ဒေါ်လာအထိ ထပ်လျှော့ချ ခဲ့တဲ့အကြောင်း၊ ဒါဟာ တစ်ရက်ကို ၂၇ ဆင့်နှုန်းပဲ ရတော့တာ ဖြစ်တဲ့အကြောင်း Stéphane Dujarric က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ မေလက မိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒုက္ခသည်စခန်းတွေမှာ နေအိမ်ထောင်နဲ့ချီပြီး ဆုံးရှုံးခဲ့တဲ့နောက် ရက်သတ္တပတ် အနည်းငယ် အကြာမှာပဲ အခုလို အစားသောက်အကူအညီတွေ ထပ်ပြီး လျှော့ချလိုက်တာလို့ သူက ပြောပါတယ်။

အခုလို အကူအညီတွေ လျှော့ချလိုက်ရတဲ့အတွက် ဒုက္ခသည်စခန်းတွေထဲမှာ ငတ်မွတ်ခေါင်းပါးမှုတွေ တိုးလာနေသလို လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေက အရေးပေါ်လိုအပ်တဲ့ အကူအညီလောက်ပဲ ပေးနေရပြီး အခြေခံလိုအပ်ချက်တွေအတွက် မပေးနိုင်ဘဲ ဖြစ်နေတယ်လို့ Stéphane Dujarric က ပြောသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org