ပုလောမြို့နယ်မှာ မော်တော်ဆိုင်ကယ်တွေကို စက်သုံးဆီကန့်သတ်

အိမ်စီးကား၊ လူမှုကူညီရေးအသင်းကားနဲ့ လုပ်ငန်းသုံးမော်တော်ယာဉ်တွေကိုတော့ ပုံမှန်အတိုင်းရောင်းချပေးပြီး မော်တော်ဆိုင်ကယ်တစ်ခုတည်းကိုပဲ စက်သုံးဆီ အကန့်အသတ်နဲ့ ရောင်းနေတာလို့ ဆိုပါတယ်။

ပုလောတံတားစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ The Tanintharyi Times

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ဖေဖော်ဝါရီလ လကုန်ပိုင်းကစလို့ မော်တော်ဆိုင်ကယ်တွေကို စက်သုံးဆီ တစ်လီတာထက်ပိုပြီး မရောင်းချရဖို့ စစ်ကောင်စီက အမိန့်ထုတ် ထားတယ်လို့ ပုလောဒေသခံတွေက RFA ကို ပြောပါတယ်။

အခုလို စက်သုံးဆီရောင်းချမှု ကန့်သတ်လိုက်တာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေး အခက်အခဲတွေရှိနေသလို စက်သုံးဆီကို ဈေးကြီးပေးဝယ်လာရတဲ့ အခြေအနေရှိတယ်လို့ ပုလောမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဆိုင်ကယ်ဆိုရင် တစ်လီတာပဲရောင်းတယ်။ ဘူးအပိုဝယ်လို့မရတော့ဘူး။ အဲဒီတစ်လီတာကုန်ရင် ရောက်တဲ့နေရာမှာ ပြန်ဖြည့်ရတယ်။ စက်သုံးဆီ ဆိုင်တော်တော်များများ အဲလိုဖြစ်သွားပြီ။ ဘာ့ကြောင့်လဲ ဆိုတာတော့ စက်သုံး ဆီဆိုင်တွေက မပြောဘူး။ အဲဒီလိုပဲ ရောင်းနေကြတာ။ စက်သုံးဆီရောင်းတာ ကန့်သတ်လိုက်တော့ စက်သုံးဆီဈေးကလည်း ၉၅ (ဓာတ်ဆီ)တစ်လီတာကို ငါးထောင်လောက် ဖြစ်သွားတယ်”

အိမ်စီးကား၊ လူမှုကူညီရေးအသင်းကားနဲ့ လုပ်ငန်းသုံးမော်တော်ယာဉ်တွေကိုတော့ ပုံမှန်အတိုင်းရောင်းချပေးပြီး မော်တော်ဆိုင်ကယ်တစ်ခုတည်းကိုပဲ စက်သုံးဆီကို အကန့်အသတ်နဲ့ ရောင်းနေတာလို့ သူက ဆိုပါတယ်။

ပုလောမြို့နယ်ထဲမှာ ကျေးလက်တောရွာနဲ့ မြို့နေဒေသခံတွေက မော်တော်ဆိုင်ကယ်ကိုပဲ အဓိကထား အသုံးပြုနေကြရတာဖြစ်လို့ အခက်အခဲတွေ့နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလောအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီက စက်သုံးဆီရောင်းခွင့် ကန့်သတ်လာတာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ စက်သုံးဆီတွေမရောက်အောင် ဖြတ်တောက်ဖို့ လုပ်ဆောင်တာလို့ RFA ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးယဉ်ထွေးကတော့ ပုလောမြို့နယ်ထဲမှာ စက်သုံးဆီရောင်းချတာတွေကို ကန့်သတ်ထားတာ မရှိဘူးလို့ RFA ကို မတ်လ ၁ ရက် ဒီကနေ့မှာ ပြောပါတယ်။

စစ်ကောင်စီဟာ နယ်မြေတည်ငြိမ်မှုမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပုလောမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပါတယ်။  

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org