RCSS နဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီကနေ့ မနက်က ရှမ်းပြည်နယ် ၊ နမ့်စန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ်ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။

လုံခြုံရေးယူထားတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် RCSS/ SSA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီကနေ့ မနက်က ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ်နဲ့ ကျောက်မဲမြို့နယ် ကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။

TNLA နယ်မြေကို RCSS အဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်လို့ TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"ပြီးခဲ့တဲ့လ ၁၈၊ ၁၉၊ ၂၀ မှာ RCSS က  ကျနော်တို့ နယ်မြေထဲမှာ ကျူးပြီးတော့ ဝင်လာတယ်။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်ပြီးမှ သူတို့က ပြန်ဆုတ်သွားတယ်။ ဒီမနက် နောက်တစ်ကြိမ် သူတို့က ပြန်ပြီး ဝင်လာဖို့ ကြိုးစားရင်းနဲ့ အဲဒီမှာ ကျနော်တို့ အဖွဲ့နဲ့ တွေ့ပြီးမှ တိုက်ပွဲဖြစ်ပွားတာ ဖြစ်တယ်"

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး RCSS ကို ဆက်သွယ်မေးမြန်းဖို့ RFA က ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာရရှိမှု အခြေအနေကိုတော့ အတိအကျ မသိသေးဘူးလို့ TNLA ဘက်က ပြောပါတယ်။

TNLA နဲ့ RCSS တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း ကျောက်မဲမြို့နယ်နဲ့ နမ့်စန်မြို့နယ် အစပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီ အနီးတစ်ဝိုက်က ဒေသခံတွေကတော့ ကျောက်မဲမြို့ပေါ်ကို ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဖြစ်ပြီး RCSS ကတော့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org