ပြည်နယ်အစိုးရနဲ့ INGO လူမှုကူညီရေးအဖွဲ့များတွေ့
ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ် အစိုးရက ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်း က ခေါ်ယူတွေ့ဆုံပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နှစ်ဘက် မျှမျှတတ လုပ်ကိုင်ဆောင်ရွက်ဖို့ ဆွေးနွေးပြောကြား လိုက်တယ်လို့ သိရပါတယ်။
-
2013-11-04 -
-
-
ရခိုင်ပြည်နယ်အတွင်းမှာ အခြေစိုက်တဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေကို ရခိုင်ပြည်နယ် အစိုးရက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့မနက်ပိုင်း က ခေါ်ယူတွေ့ဆုံပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ နှစ်ဘက်မျှမျှတတ လုပ်ကိုင်ဆောင်ရွက် ဖို့ ဆွေးနွေးပြောကြားလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာ ဒဏ်ရာရသူတွေကို နိုင်ငံ တကာအဖွဲ့အစည်းတွေက စစ်တွေဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ရာမှာ မွတ်စလင်လူနာတွေကိုသာ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဒေသဖွံဖြိုးရေးကိစ္စရပ်တွေ ကို ဆောင်ရွက်ရာမှာလည်း ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်မျှတမှုမရှိဘူး ဆိုပြီး ပြောဆိုဝေဖန်သံတွေ ထွက်ပေါ်နေတဲ့ အတွက် နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေ ကို ခေါ်ယူတွေ့ဆုံတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်နယ်အစိုးရက အခုလိုခေါ်ယူတွေ့ဆုံတာနဲ့ ပတ်သက်ပြီး စစ်တွေအခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ရုံးတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ လူမှုအဖွဲ့အစည်းအချို့ကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် အထက်ကညွှန်ကြားချက်မရှိတဲ့အတွက် ဖြေကြားလို့မရကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံပွဲကို ကုလသမဂ္ဂလက်အောက်ခံ UN အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။