ပြည်သူ့ဂုဏ်ရည်ဆု မွတ်စလင် ဆေးရုံရရှိ
နိုင်ငံတကာရောက် မြန်မာမိသားစုများရဲ့ လှူဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ နဝမအကြိမ်မြောက်၂ဝ၁၈ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ရွေးချယ်လိုက် ပါတယ်။
-
2018-05-26 -
-
-
နိုင်ငံတကာရောက် မြန်မာမိသားစုများရဲ့ လှူဒါန်းငွေများနဲ့ ချီးမြှင့်တဲ့ နဝမအကြိမ်မြောက်၂ဝ၁၈ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ရွေးချယ်လိုက်ပါတယ်။ ခုလိုရွေးချယ်လိုက်တဲ့ အကြောင်း မေလ ၂၆ ရက်နေ့ စနေနေ့မှာ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာပြုလုပ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနားမှာ ကြေညာသွားခဲ့ပါတယ်။
ဆုရရှိတဲ့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံကို ဆုငွေ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ချီးမြှင့်မှာဖြစ်ပြီး အထူးဆုအဖြစ် အဖွဲ့အစည်းသုံးခုကိုလည်း ရွေးချယ်လိုက်ပါတယ်။ အထူးဆုရရှိသူတွေကို ဒေါ်လာ ၁၀၀၀ ချီးမြှင့်မှာဖြစ်ပါတယ်။ ဆုရရှိသူတွေနဲ့ပတ်သက်ပြီး ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့က ဘဏ္ဍာရေးမှူး ဦးကျော်ဝဏ္ဏက
“ဒီနှစ်မှာ အထူးဆုသုံးဆုနဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို ချီးမြှင့်ပါတယ်။ အထူးဆုသုံးဆုကို နွမ်းပါးပညာရေး အလှူအဖွဲ့၊ ဒေါက်တာမြတ်စန္ဒာသန့် မြင့်မိုဃ်မေတ္တာ နားခိုရာဂေဟာ တည်ထောင်သူရယ်၊ မန္တလေးမြို့မှာရှိတဲ့ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်း တို့ဖြစ်ပါတယ်။ ဒီသုံးဖွဲ့ဟာ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ အထူးဆုတွေရရှိပြီး ၂ဝ၁၈ အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ရန်ကုန်မြို့ ဘားလမ်း မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ရရှိပါတယ်“
ဆုများကိုရွေးချယ်ရာမှာ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာရှိတဲ့ ပြည်သူ့ ဂုဏ်ရည်ဆု ရွေးချယ်ရေးအဖွဲ့ခွဲ ၂ဝ မှာပါဝင်တဲ့ မြန်မာမိသားစုတွေက အသီးသီးရွေးချယ်ကြပြီး ဗဟိုအလုပ် အမှုဆောင်ကော်မတီကို အမည်စာရင်းများ ပေးပို့ကြတာဖြစ်ပါတယ်။ ပေးပို့လာတဲ့ အမည်စာရင်းတွေထဲက မဲအများဆုံးရရှိတဲ့ပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ဆုချီးမြှင့်တာဖြစ်ပါတယ်။ ခုလိုချီးမြှင့်မယ့် ဆုငွေများကို မြန်မာနိုင်ငံကို လာရောက်ချီးမြှင့်မှာဖြစ်ပါတယ်။
ဆုချီးမြှင့်တဲ့ ဆုငွေတွေအတွက်လည်း အဲဒီနိုင်ငံလေးနိုင်ငံမှာ နေထိုင်တဲ့ မြန်မာမိသားစုများက အလှူငွေများ ထည့်ဝင်ကြတာဖြစ်ပါတယ်။