ဒီနှစ်သြင်္ကန်ကာလမှာ မြန်မာပြည်သူတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဖော်ဆောင်တဲ့ ပြည်တွင်း၊ ပြည်ပ အကြမ်းဖက် အဖျက်လုပ်ရပ်တွေကို သတိထား ကာကွယ်သွားကြဖို့အတွက် သမ္မတဦးသိန်းစိန်က ဒီကနေ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို တိုက်တွန်း ပြောကြားလိုက်ပါတယ်။
"ယခုနှစ် နှစ်သစ်မင်္ဂလာမှာ ကျနော့်အနေနဲ့ ပြည်သူလူထုတစ်ရပ်လုံးကို အဓိကပြောကြားလိုတာကတော့ ယခင်နှစ်က ဒီမိုကရေစီအရေး ကြိုးပမ်းမှုဖြစ်စဉ်နဲ့အတူ လူမှုရေးအထင်အမြင် လွဲမှားမှုကတဆင့် ပေါ်ပေါက်ခဲ့တဲ့ စိတ်ဝမ်းကွဲပြားမှုတွေ၊ ပဋိပက္ခဖြစ်မှုတွေနဲ့ မတူညီမှုတွေဆိုတဲ့ အမဲစက်တွေကို အတာသြင်္ကန်ရေနဲ့ ဆေးကြောသန့်စင်ပြီး မင်္ဂလာရှိတဲ့ ကိစ္စရပ်တွေကို ပျော်ရွှင်ဖွယ် ကိစ္စရပ်တွေကို တည်ငြိမ်အေးချမ်းရေးကိုဦးတည်တဲ့ ကိစ္စရပ်တွေနဲ့ ပြည့်လွှမ်းနေတဲ့ မြန်မာနိုင်ငံအဖြစ် လာမယ့်နှစ်သစ်မှာ မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုခြင်းပဲ ဖြစ်ပါတယ်"
အစိုးရသစ်ရဲ့ သက်တမ်း ၂ နှစ်ကျော်ကြာရှိလာပြီဖြစ်တဲ့ ခရီးစဉ်မှာလည်း အခုလိုမျှော်လင့်မထားတဲ့ တုန်လှုပ်စရာကိစ္စရပ်တွေ ဖြစ်ပွားခဲ့တာကို သင်ခန်းစာယူပြီး နောင်အနာဂတ်မှာ ကြုံတွေ့မယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ပြင်ဆင်ထားကြရမယ်လို့ အခုလို ဆက်လက်ပြောကြားခဲ့ပါတယ်။
"မိမိတို့ ကြိုးပမ်းတည်ဆောက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲများ အောင်မြင်ဖို့အတွက် မြန်မာ့ရိုးရာသြင်္ကန်ရဲ့ အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံတဲ့ အေးချမ်းတည်ငြိမ်မှုကို အခိုင်အမာ တည်ဆောက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါတယ်၊ နိဂုံးချုပ်အနေနဲ့ အတာရေသဘင်ပက်ဖြန်းတဲ့ နှစ်သစ်ကူး အတာသြင်္ကန်ကာလမှာ မိဘပြည်သူများ စိတ်နှလုံးအေးချမ်းသာယာစွာရှိကြဖို့ ကျနော့်အနေနဲ့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်၊ တဆက်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်ဟောင်းကဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခများအပေါ် လူမျိုးရေး၊ ဘာသာရေး ပုံဖော်လိုတဲ့ ပြည်တွင်း ပြည်ပမှ အကြမ်းဖက် အဖျက်လုပ်ရပ်များကိုလည်း ဒီသြင်္ကန်ကာလမှာ သတိထားကာကွယ်သွားကြပါရန် တိုက်တွန်းလိုက်ပါတယ်"
အခုအခါ ချမှတ်အကောင်အထည်ဖေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အပြောင်းအလဲတွေ အောင်မြင်ဖို့အတွက် ရိုးရာသြင်္ကန်ရဲ့အနှစ်သာရဖြစ်တဲ့ မေတ္တာတရားကို အခြေခံပြီး ပြည်သူတွေအနေနဲ့ ကြိုးပမ်းသွားကြဖို့လည်း သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသွားပါတယ်။