နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်ရန် UNFC နှင့် အစိုးရ ဆွေးနွေးမည်

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲ တစ်ရပ် ပေါ်ပေါက်လာရေးအတွက် အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ လာမယ့် ဇူလိုင်လ (၁၃)ရက်၊ထိုင်းနိုင်ငံမှာ အကြိုဆွေးနွေးညှိနှိုင်းကြမယ်လို့ သိရပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ် ပေါ်ပေါက်လာရေးအတွက် အစိုးရနဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့ လာမယ့် ဇူလိုင်လ (၁၃)ရက်၊ထိုင်းနိုင်ငံမှာ အကြိုဆွေးနွေးညှိနှိုင်းကြမယ်လို့ သိရပါတယ်။

အခု အကြိုဆွေးနွေးပွဲဟာ ဒုတိယအကြိမ်ဖြစ်ပြီး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အတွက် ကြားဝင်ဖြန်ဖြေညှိနှိုင်းရေး အဖွဲ့ ပါဝင်နိုင်ရေး အဓိကဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဇူလိုင်လ (၉)ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ UNFC ကြေညာချက်မှာ ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီရဲ့ Technical Team ခေါ် နည်းပညာအထောက်အကူပြုအဖွဲ့နဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ရဲ့ နည်းပညာအထောက်အကူပြုအဖွဲ့တို့ လာမယ့် ဇူလိုင်လ (၁၃) ရက်နေ့မှာ တွေ့ဆုံပြီး၊  နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးနိုင်ရေးအတွက် အကြို တွေ့ဆုံညှိနှိုင်းသွားမှာဖြစ်ကြောင်း၊  အဲဒီ အကြိုညှိနှိုင်းဆွေးနွေးရာမှာ ငြိမ်းချမ်းရေးဆွေးနွေးမှု လမ်းပြမြေပုံနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ကြားဝင်ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေ ကိစ္စ အဓိက ဆွေးနွေး မှာဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲပြီး၊ တရားမျှတပြီး ဂုဏ်သိက္ခာရှိတဲ့ ငြိမ်းချမ်းရေးမျိုးရရှိနိုင်အောင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ကြီး တည်ဆောက်နိုင်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။

UNFC ရဲ့ နည်းပညာ အထောက်အကူပြု အဖွဲ့ကို KNU အတွင်းရေးမှူး (၂) ပဒိုမန်းမန်းက ဦးဆောင်ပြီး အစိုးရ ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) ရဲ့ နည်းပညာ အထောက်အကူပြု အဖွဲ့ကို ဦးလှမောင်ရွှေ ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦး တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။

UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ  ပထမအကြိမ် အကြို ညှိနှိုင်းခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org