ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှု ၅၃ ဦးသေဆုံးကြောင်း NUG ကနဦးထုတ်ပြန်
ကနဦးစာရင်းအရ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သေဆုံးခဲ့တဲ့အရပ်သား ၅၃ ဦးရှိပြီလို့ NUG က ဒီနေ့ညနေ ၆ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။
-
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023-04-11 -
-
-
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သေဆုံးခဲ့တဲ့အရပ်သား ၅၃ ဦးရှိပြီလို့ ကနဦးကောက်ယူထားတဲ့စာရင်းအရ သိရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ညနေ ၆ နာရီခွဲမှာ ကြေညာချက်ထုတ်ပြန်ပါတယ်။
ဒါဟာ ကနဦးကောက်ယူထားတဲ့စာရင်း ဖြစ်ပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
"သေဆုံးသူတွေရဲ့ ရုပ်အလောင်းဟာ အလွန်ဆိုးဝါး ထိခိုက်ပျက်စီးနေပြီး ခွဲခြားရန်ပင် မဖြစ်နိုင်တော့ပါ" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ကောင်စီတပ်ဟာ ပဇီကြီးရွာကို ဒီနေ့မနက် ၈ နာရီခန့်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး ရဟတ်ယာဉ်တွေပေါ်ကနေ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NUG က ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၁ ရက် ဒီနေ့မနက်ပိုင်းက ပဇီကြီးရွာမှာ လူ ၈၀၀ ခန့် စုဝေးနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက... စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့မနက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ သူတို့လုပ်ရပ်ဖြစ်ကြောင်း စစ်တပ်ပိုင်မြန်မာ့အသံသတင်းဌာနကနေတစ်ဆင့် ပြောပါတယ်။