ပန်ဒါအထည်ချုပ်စက်ရုံ သပိတ်ဆက်မှောက်

မန္တလေးတိုင်း ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ ဒီနေ့မှာ ဒုတိယမြောက်နေ့ အဖြစ် သပိတ်ဆက်မှောက်နေကြပါတယ်။

မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ် Photo: Hset Paing Toe/RFA

မန္တလေးတိုင်း ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်ချုပ်စက်ရုံက အလုပ်သမား ၇၀၀ ကျော်ဟာ ဒီနေ့မှာ ဒုတိယမြောက်နေ့အဖြစ် သပိတ်ဆက်မှောက်နေကြပါတယ်။

အလုပ်သမားအလုပ်ရှင်သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်ကချိုးဖေါက်တဲ့အတွက် အရေးယူပေးဖို့ တောင်းဆိုနေတာလို့ အလုပ်သမားသမဂ္ဂအတွင်းရေးမှူး မဇာခြည်ဝင်းက ပြောပါတယ်။

"အလုပ်ရှင်က ဒီစာချုပ်ကိုလေးစားလိုက်နာရမယ်၊ ကျမတို့ရဲ့စာချုပ်သက်တမ်းက ၂ နှစ်ဖြစ်တဲ့ အတွက် ဒီစာချုပ်မှာ ၂ နှစ်အတွင်းဘာမှလုပ်လို့မရဘူး၊ လေးစား လိုက်နာရမှာ ၁ အချက်၊ နောက် ၂ အချက်က ကျနော်တို့လုပ်ခလစာတွေကို အမြန်ဆုံးပေးချေပေးရမယ်၊ နောက်တစ်ချက်က စာချုပ်ကို အလုပ်ရှင်ကချိုးဖောက်နေ တဲ့အတွက် အလုပ်သမားဝန်ကြီးဌာနက ဥပဒေအရအရေးယူပေးရမယ်၊ နောက်တစ်ချက်က အလုပ်သမားခေါင်းဆောင်တွေကို အလုပ်ပြန်လည်ခန့်ထားပေး ရမယ်၊ သပိတ်မှောက်အလုပ်သမားတွေကို ဌာနအတွင်းမှာ ဖိနှိပ်ခြင်း၊ ဌာနပြောင်းခြင်းတွေမလုပ်ရဘူးလို့ ကျနော်တို့ကတောင်းထားတယ်"

အဲဒီစက်ရုံဟာ အရင်အစိုးရအဆက်ဆက်တုန်းက အစိုးရပိုင် ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံဖြစ်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာ ပန်ဒါကုမ္ပဏီကို နှစ်ရှည်စာချုပ်နဲ့ ငှါးရမ်း လိုက်တာဖြစ်ပါတယ်။ အဲဒီလိုငှါးလိုက်တဲ့ အတွက် စက်မှုဝန်ကြီးဌာနက အစိုးရဝန်ထမ်းအလုပ်သမား ၈၀၀ ကျော်ကို ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းအဖြစ် ပင်စင်ပေးပြီးပြောင်းလိုက်သလို၊ အလုပ်သမားတွေအတွက်လဲ အလုပ်နဲ့ ခံစားခွင့်တွေအတွက် အာမခံချက်စာချုပ်တွေချုပ်ခဲ့တယ်လို့ပြောပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကပိုင်ရှင်ဘက်က အဲဒီစာချုပ်ကို လအနည်းငယ်ပဲလိုက်နာခဲ့ပြီး နောက်ပိုင်းမှာ စာချုပ်အတိုင်းမဆောင်ရွက်တော့တဲ့အတွက် အလုပ်သမားတွေက သပိတ်မှောက်ခဲ့ကြပါတယ်။ လက်ရှိမှာလဲ စက်ရုံအလုပ်သမားသမဂ္ဂခေါင်းဆောင် ၄ ယောက် အလုပ်ထုတ်ခံထားရပါတယ်။

အဲဒီလို နှစ်ဘက်သဘောတူစာချုပ်တွေကို အလုပ်ရှင်ကမလိုက်နာလို့ဆိုပြီးသပိတ်မှောက်တောင်းဆို ခဲ့ကြတာ အခု ၃ နှစ်အတွင်းမှာ ၃ ကြိမ်ရှိနေပြီဖြစ်ပါတယ်။ အလုပ်သမားတွေဟာ ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံမှာ သားစဉ်မြေးဆက်လုပ်ကိုင်လာသူတွေဖြစ်ပြီး၊ အလုပ်သမားအိမ်ယာတွေကိုပဲ အားကိုးနေထိုင်ခဲ့ကြ သူတွေဖြစ်လို့၊ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းဘဝဖြစ်သွားရတဲ့အခါ အလုပ်ပြုတ်ပြီး နေစရာမရှိတော့မယ့်အရေးကိုလဲ တွေးကြောက်နေကြတယ်လို့ ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ အလုပ်သမားသမဂ္ဂအတွင်းရေးမှူး မဇာခြည်ဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org