ပုလဲမြို့နယ် ညောင်ကုန်းရွာ ဗုံးကြဲခံရ၊ သံဃာတစ်ပါးနဲ့ အရပ်သားရှစ်ဦးသေဆုံး

နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၁၃ လုံး မီးလောင်ခဲ့တယ်လို့ ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့မြင်ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ညောင်ကုန်းရွာမှာ ဇွန်လ ၂၇ရက်နေ့ ညနေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်လို့ သံဃာတော်တစ်ပါးနဲ့ အရပ်သား ရှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၇ ရက် ညနေ သုံးနာရီခွဲအချိန်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးက ညောင်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းအနီးကို ဗုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းပျက်စီးခဲ့ရပြီး နေအိမ်တွေထဲက အရပ်သားတွေလည်း ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

“ဘုန်းကြီးကျောင်းပေါ်ကို ကြဲချတာ ကျောင်းပတ်ပတ်လည်က နေအိမ်ပါ ထိတာပေါ့။ ဆရာတော်တစ်ပါးအပါအဝင် အရပ်သားကိုးဦး ပွဲချင်းပြီးသေတယ်။ နောက်ထပ်အရပ်သားခုနစ်ဦးက ဒဏ်ရာပြင်းပြင်းထန်ထန်ရတယ်။ ဒီမှာတော့ အပျက်အစီးတွေကို အခုမှရှင်းနေကြတုန်းပါပဲ။ အိမ်တွေလည်း မီးလောင်သွားတယ်။ ဆရာတော်က ရွာကမဟုတ်ဘူး။ အမျိုးအလှူရှိလို့ ရွာကိုလာရင်းနဲ့ဖြစ်သွားတာ”

၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး မီးလောင်ပြင်အား ငြှိမ်းသတ်နေသည့် မြင်ကွင်းတစ်ခု။ (ဓာတ်ပုံ - ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့)

အဲဒီရွာမှာ PDF နဲ့ စစ်ကောင်စီတပ်နှစ်ဖက်တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ရွာထဲကိုလေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်း တစ်ကျောင်းအပြင် နေအိမ် ၁၃ လုံး မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။

သေဆုံးသူတွေဟာ သက်တော် ၅၅ နှစ်အရွယ် ဆရာတော် ဦးခေမာ၊ အသက် ၃၅ နှစ်အရွယ် မမြင့်မြင့်နွယ်၊ ကိုဇော်လင်း၊ အသက် ၆၀ အရွယ် ဦးစိုးကြီး၊ အသက် ၄၅ နှစ်အရွယ် ဦးကျော်မြင့်ဝင်း၊ အသက် ၅၂ နှစ်အရွယ် ဒေါ်တင်ညွန့်၊ အသက် ၄၁ နှစ်အရွယ် ဦးမင်းစိုး၊ အသက် ၅၅ နှစ်အရွယ် ဦးဝင်းအောင်၊ အသက် ၇၀ အရွယ် ဦးသန်းဆောင် တို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဇွန် ၂၇ ရက်နေ့ညနေမှာပဲ သင်္ဂြိုဟ်နေပြီး ဒဏ်ရာရတဲ့ အရပ်သားခုနစ်ဦးကိုလည်း ဆေးကုသပေးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ပုလဲမြို့နယ် ညောင်ကုန်းရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး အပျက်အစီးများအား တွေ့မြင်ရစဉ်။ ( Photo: Citizen Journalist)

စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းပြုစုနေတဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတစ်ဝန်းလေကြောင်း တိုက်ခိုက်မှု ၄၅၄ ကြိမ်ရှိပြီး သေဆုံးသူ ၂၉၂ ဦးအထိ ရှိတယ်လို့ မေလ ၂၂ ရက်နေ့က ထုတ်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org