၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား NLD ရုံးချုပ်မှာ ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာ အတွက် တိုက်ပွဲဝင်နေရတယ်လို့ ဒီကနေ့ ကျရောက်တဲ့ NLD ပါတီ (၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

NLD ပါတီ ၂၉ နှစ်ပြည့် အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ကျင်းပစဉ် Photo: National League for Democracy facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ အမျိုးသားဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာအတွက် တိုက်ပွဲ ဝင်နေရတယ်လို့ ဒီကနေ့ကျရောက်တဲ့ NLD ပါတီ ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့ ကြေညာချက်မှာ ထုတ်ပြန် ထားပါတယ်။

နိုင်ငံကို သိမ်းပိုက်ဖို့လုပ်ပြီး အမျိုးသား ဂုဏ်သိက္ခာကို စော်ကားနေတဲ့ ရခိုင်က အကြမ်းဖက်မှုတွေကို  ရည်ညွှန်းပြီး ထုတ်ပြန်တာဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဖြစ်တဲ့ မုံရွာဦးအောင်ရှင် က ပြောပါတယ်။

"ကျနော်တို့က အခုလောလောဆယ်မှာ ရခိုင်ကိစ္စကို ညွှန်းတာဖြစ်ပါတယ်ခင်ဗျ။ ရခိုင်ကိစ္စကတော့ သိတဲ့ အတိုင်းပဲ ကျနော်တို့နိုင်ငံကို သိမ်းပိုက်ဖို့၊ ကျူးကျော်ဖို့ လုပ်နေတယ်ဗျာ။ ကျနော်တို့ရဲ့ ဒီအမျိုးသား ဂုဏ်သိက္ခာ ကိုလည်း စော်ကားတာပဲလေ။ နောက်တခါ ကျနော်တို့ အချုပ်အခြာအာဏာကိုလည်း စော်ကားတာပဲ။ အဲဒီအတွက် ကျနော်တို့က ပြန်ပြီးတော့ ခုခံရတာပေါ့။ အဲဒါကို ပြောတာပါ"

အကြမ်းဖက်ဝါဒကို ခုခံတွန်းလှန်နေရပြီး အခြေအမြစ်မရှိ စွပ်စွဲမှုတွေနဲ့ မီဒီယာ ထောင်ချောက်တွေကိုလည်း စနစ်တကျ ချေပနေရကြောင်းနဲ့ တင်းမာမှုတွေကို အမြော်အမြင်ရှိရှိ၊ ဂုဏ်သိက္ခာရှိရှိ ရပ်တည်ဖြေရှင်းနေတယ် လို့လည်း NLD ပါတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စိန်ခေါ်မှုတွေနဲ့ ဖိအားတွေကြောင့် ဒီမိုကရေစီလမ်းကြောင်း အာရုံပြောင်းသွားမှာ မဟုတ်သလို သွေဖည် သွားမှာ မဟုတ်ဘူးလို့လည်း NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီကနေ့ ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ကျင်းပတဲ့ NLD ပါတီ ၂၉ နှစ်ပြည့် အခမ်းအနားကို ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့ ပါတီ နာယက သူရဦးတင်ဦး တက်ရောက်ခဲ့ပြီး နိုင်ငံတကာ သံတမန်တွေ၊ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေက ပုဂ္ဂိုလ်တွေ၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org