မလေးရှားမှာ နောက်ထပ် မြန်မာ ၃ ဦး သတ်ဖြတ်ခံရ
အကြမ်းဖက် သတ်ဖြတ်မှုတွေဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေ မှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ် ခံရတယ်လို့ သိရပါတယ်။
-
2013-06-08 -
-
-
အကြမ်းဖက် သတ်ဖြတ်မှုတွေဖြစ်ပွားနေတဲ့ မလေးရှားနိုင်ငံမှာ မနေ့ကနဲ့ ဒီကနေ့တွေမှာ မြန်မာနိုင်ငံသား ၃ ဦး ထပ်မံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
မနေ့ကတော့ ကလန်းအူတာမ Kalng Utama ဆိုတဲ့မြို့က အမှိုက်ပုံမှာ မြန်မာတစ်ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က ကရင်လူမျိုး ၄ ဦး ဈေးထွက်ဝယ်ရာမှ လူအုပ်စုတစ်စုက ဝိုင်းဝန်းတိုက်ခိုက်လို့ အရေးပေါ်တင်ခဲ့ရတဲ့ ၂ ဦးထဲက တစ်ဦးသေဆုံးသွားတာဖြစ်ပါတယ်။
မနေ့ကသေဆုံးသူရဲ့အလောင်းကို ဒီကနေ့သွားကြည့်ဖို့ ခွင့်တောင်းတာမှာ ရဲတပ်ဖွဲ့နားရက်ဖြစ်တာကြောင့် ကြည့်ရှုခွင့်မရခဲ့ကြောင်းနဲ့ ဒီကနေ့နေ့လည်မှာ သေဆုံးသွားတဲ့ ကရင်လူမျိုးတစ်ဦး အကြောင်းတို့ကိုတော့ ကမ်ပုန်း နာရေးကူညီမှုအသင်း ဥက္ကဌ ကိုဆန်းဝင်းက အခုလိုပြောပါတယ်။
“အခုက အမည်မသိသူတစ်ယောက် အသတ်ခံရတယ်၊ ကလန်းအူတာမအမှိုက်ပုံနားမှာ လွှင့်ပစ်ထားတယ်၊ ပုဆိုးနဲ့ ကိုယ်တုံးလုံးကြီးနဲ့၊ ရဲကသွားကြည့်တဲ့အခါမှာ ညာဘက်လည်ပင်းမှာ ဓားနဲ့လှီးထားတာတွေ့တယ်၊ မနေ့ကမနက်မှ သူတို့က အလောင်းကိုတွေ့တယ်၊ ကရင်ခရစ်ယာန်လူမျိုး ၄ ယောက် ဈေးလာဝယ်ရင်းနဲ့ ဝိုင်းဝန်းအခုတ်ခံရ၊ အရိုက်ခံရတယ်၊ အထုခံရတယ်၊ အဲဒီထဲမှာ ၂ ယောက်က အရေးပေါ်ဆေးရုံတင်ထားရတယ်၊ တင်တဲ့အခါမှာ ဒီနေ့နေ့ခင်း ၁ နာရီက ၁ ယောက် သေဆုံးသွားတယ်"
နောက်တစ်ဦးကတော့ Kuantan ကွန်တင်းမြို့မှာ ဓါးနဲ့ အခုတ်သတ်ခံရပြီး သေဆုံးနေတာကို ရဲကတွေ့ရှိခဲ့ကြောင်း ဒီကနေ့ မလေးရှားနိုင်ငံကလာတဲ့ သတင်းတွေမှာ ဖော်ပြပါရှိပါတယ်။ အလားတူ မနေ့ကလည်း Songui Besi ဆွန်ဂိုင်းဘတ်ဆီဒေသမှာ အိပ်ပျော်နေတဲ့ မြန်မာပြည်သားတွေအိမ်ကို spray နဲ့ဖျန်းပြီး မနေနိုင်လို့ တံခါးဖွင့်ထွက်လာတော့မှ လူအုပ်စုတွေက ဓါးနဲ့ဝိုင်းခုတ်တာဖြစ်တဲ့အတွက် ၂ ဦးပျောက်ဆုံးနေပြီး ရခိုင်အမျိုးသား အသက် ၂၃ နှစ်အရွယ် ကိုခင်မောင်ဝင်း ဆိုသူကိုတော့ အရေးပေါ်ဆေးရုံတင်ထားရတယ်လို့လည်း ကိုဆန်းဝင်းက ပြောပါတယ်။
"မနေ့ကမနက် ၃ နာရီခွဲကဖြစ်တယ်၊ သူတို့ညဘက်မှာအိပ်နေတယ်၊ ရခိုင်လူမျိုး ၆ ယောက် အိမ်အဟောင်းလေးမှာ ငှားနေကြတယ်၊ သူငယ်ချင်းတွေစုနေတယ်၊ သူတို့က ဒီကြေးပိုက်စက်ရုံမှာ အလုပ်လုပ်တယ်ပေါ့လေ၊ အိမ်မှာအပေါက်ကလေးတွေရှိတယ်၊ အပေါက်ကလေးတွေကနေပြီးတော့ spray တွေ မှုတ်တယ်၊ မှုတ်တော့ သူတို့မခံနိုင်လို့ အိမ်တံခါးတွေဖွင့်တဲ့အခါ ဓားနဲ့ချည်းခုတ်တာ၊ ဓားနဲ့ခုတ်တော့ ကိုခင်မောင်ဝင်းက မမြင်မကန်းနဲ့ တွေ့တဲ့ဓားကို ဆွဲပြီးတော့ ပြန်ခုတ်တယ်၊ ကျန်တဲ့လူတွေက ထွက်ပြေးတယ်၊ ၂ ယောက်ပျောက်နေတယ်၊ သေလားရှင်လားမသိဘူး”
ကွာလာလမ်ပူ ဆေးရုံကြီးမှာတင်ထားတဲ့ ကိုခင်မောင်ဝင်းဟာ ဓါးနဲ့အခုတ်ခံထားရလို့ လက်အကြောတွေပြတ်နေတယ်လို့လည်း သူကပြောပါတယ်။ မေလ ၃ဝ ရက်နေ့ကတည်းကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံသား အနည်းဆုံး ၆ ဦးသေဆုံးခဲ့ပြီးပြီလို့လည်း သိရပါတယ်။