မြန်မာ့အရေးဆွေးနွေးပွဲအစီအစဉ် ရပ်ဆိုင်းဖို့ အရပ်ဘက်အဖွဲ့ ခြောက်ရာကျော် တောင်းဆို

မြန်မာ့အရေး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ရပ်ဆိုင်းဖို့ အာဆီယံကို အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော်က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က ကျင်းပသည့် အာဆီယံအစည်းအဝေး အား တွေ့ရစဉ်။ WILLY KURNIAWAN / POOL / AFP

မြန်မာ့အရေး အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ရပ်ဆိုင်းဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို အရပ်ဘက်အဖွဲ့အစည်း ခြောက်ရာကျော် (၆၀၁ ဖွဲ့) က ပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ပူးတွဲကြေညာချက်ကို ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ရဲ့ ဝဘ်ဆိုဒ်စာမျက်နှာကနေတစ်ဆင့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖော်ပြခဲ့တာပါ။

အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံအားပေးတာဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်ပျက်ပြားစေတယ်လို့ အဲဒီပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ဖို့၊ မြန်မာပြည်သူတွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းဖို့နဲ့ တရားမဝင်စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် တရားမျှတမှုရှိစေရေး အာဆီယံအနေနဲ့ ခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေ လုပ်ရမယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှုရှိလာ စေရေး ဆောင်ရွက်ဖို့ အာဆီယံအနေနဲ့ ပျက်ကွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းစွပ်စွဲ ထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေတာကို မဖြေရှင်းနိုင်သေးခင် အင်ဒိုနီးရှားကပြုလုပ်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် မထောက်ခံကြဖို့ အာဆီယံအသိုင်းအဝိုင်းနဲ့ အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံတွေအပြင် ကုလသမဂ္ဂကိုပါ အရပ်ဘက်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မြန်မာ့အရေးဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံကဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ရုံးက နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်နေ့အထိ ဂျကာတာမြို့မှာ ပြုလုပ်ခဲ့တာပါ။

ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဒီမိုကရေစီလိုလားတဲ့ အုပ်စုတွေ၊ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီ ဘက်က ကြားခံကိုယ်စားလှယ် တက်ရောက်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org