NUG အစိုးရ သတင်းစာရှင်းလင်းပွဲလုပ်ချိန် တစ်နိုင်ငံလုံး အင်တာနက် ဖြတ်တောက်ခံရ
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အွန်လိုင်းဗီဒီယိုကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဒီနေ့ ဇွန် ၄ ရက် ညနေ ၅ နာရီမှာပဲ စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် ဖြတ်တောက်လိုက်ပါတယ်။
- 2021-06-04
-
-
-
အမျိုးသားညီညွတ်ရေးအစိုးရ NUG က အွန်လိုင်းဗီဒီယိုကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်တဲ့ ဒီနေ့ ဇွန် ၄ ရက် ညနေ ၅ နာရီမှာပဲ စစ်ကောင်စီက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် ဖြတ်တောက်လိုက် ပါတယ်။
အင်တာနက်လိုင်းတွေ အားလုံးကို တစ်နာရီကြာ ဖြတ်တောက်ဖို့ အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေကို စစ်ကောင်စီက ညွှန်ကြားခဲ့တာလို့ အမည်မဖော်လိုတဲ့ ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ အင်ဂျင်နီယာတစ်ဦးက RFA ကို ပြောပါတယ်။
"အင်တာနက်ကို ညနေ ၅ နာရီကနေ ၆ နာရီအထိ ပိတ်ဖို့ ညွှန်ကြားခဲ့တယ်"
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၅၀ အကြာမှာ အစိုးရအဖွဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကို ဒီနေ့ညနေ ၅ နာရီမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက မြန်မာပြည်တွင်း အင်တာနက်လိုင်း အားလုံးကို ဖြတ်တောက်ခဲ့တာကြောင့် ပြည်တွင်းက သတင်းထောက်တွေ သတင်းစာရှင်းလင်းပွဲ မတက်ရောက်နိုင်ဘဲ ပြည်ပအခြေစိုက် မြန်မာမီဒီယာနဲ့ နိုင်ငံတကာ သတင်းဌာနတွေသာ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတဲ့နေ့ကလည်း တစ်နိုင်ငံလုံးကို အင်တာနက် ဖြတ်တောက်ခဲ့ပါတယ်။