မြန်မာ့ဒီမိုကရေစီရေး ပန်းတိုင် ရောက်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ Mitch McConnell ပြော
မကြာသေးခင်က အတည်ပြုလိုက်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုင်ပင်ခံ ကောင်စီ (NUCC) ကို ထောက်ခံမှုပေးတဲ့အတွက်လည်း ကျေနပ်ဝမ်းမြောက်တယ်လို့ ဆိုပါတယ်။
- 2022-04-07
-
-
-
"မြန်မာပြည်ဒီမိုကရေစီရေးအတွက် ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်"လို့ အမေရိကန် အထက်လွှတ်တော် ရီပတ်ဘလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကော်နယ် (Mitch McConnell)က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဗိုက်ဒါ (Thomas Vajda) နဲ့ မစ်ချ် မက်ကော်နယ် တို့ ဧပြီလ ၆ ရက် မနေ့က တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတာပါ။
အာဏာသိမ်း စစ်ကောင်စီဟာ သူ့ကိုဆန့်ကျင်တဲ့သူတွေကို ပိုပိုပြီး နှိပ်ကွပ်နေတယ်လို့လည်း ဆိုပါတယ်။ သူ့ရဲ့ မိတ်ဆွေဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သြစတေးလျ စီးပွားရေး အကြံပေး မစ္စတာရှောင်တာနယ် တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ဆက်လက်ဖမ်းဆီးထားတုန်းပဲလို့ မစ်ချ် မက်ကော်နယ်က ပြောဆိုထားပါတယ်။
၂၀၂၁ ဒီဇင်ဘာလက အတည်ပြုလိုက်တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဥပဒေ (NDAA) မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အတိုင်ပင်ခံကောင်စီ (NUCC) တို့ကို ထောက်ခံမှုပေးဖို့အချက် ထည့်သွင်းနိုင်ခဲ့တဲ့အတွက် ကျေနပ်ဝမ်းမြောက်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်နဲ့ ဒေသတွင်းနိုင်ငံတွေကြား မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေကို ဘယ်လိုဆက်ပေးမလဲဆိုတာလည်း သောမတ်စ် ဗိုက်ဒါနဲ့ မစ်ချ် မက်ကော်နယ်တို့ ဆွေးနွေးခဲ့ပါတယ်။