နိုင်ငံရေးပါတီ အသီးသီးတို့ရဲ့သဘောထားအရ တပ်မတော်ရဲ့သဘောထားရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တာဟာ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီရဲ့ သဘောထားမဟုတ်ကြောင်း ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုက ခေါင်းဆောင်တွေ မနေ့က နေပြည်တော် ဘုရင့်နောင်ရိပ်သာမှာ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးပါတီကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးအခြေအနေ၊ လွှတ်တော်တွင်းအခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လက်ရှိ ကာလမှာ ဥပဒေနဲ့အညီသာ ပြင်ဆင်သင်တဲ့ အခြေအနေတွေကို ပါတီအသီးသီးရဲ့သဘောထား ဆိုပြီး ရှင်းလင်းဆွေးနွေးကြပြီး တပ်မတော်ရဲ့သဘောထားရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံကြောင်း၊ နိုင်ငံတော်နဲ့ အမျိုးသားရေးအတွက် ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ကြတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသလို သတင်းမီဒီယာတချို့မှာလည်း ဖော်ပြထားပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီ ၃၂ ခု ကိုယ်စား ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ် နဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
မနေ့က တွေ့ဆုံရာမှာပါဝင်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင်ကတော့ တပ်မတော်ကို ထောက်ခံ ရပ်တည်လက်တွဲမယ်ဆိုတာမျိုးကိုတော့ ငြင်းဆိုပါတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီ ၃၂ ပါတီတို့ မနေ့က တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ခဲ့တာလို့ အဲဒီပါတီက ပြောပါတယ်။
တွေ့ဆုံပွဲမှာ ၃၂ ပါတီစလုံးက ကိုယ်စားလှယ် ၃၂ ဦးတို့က တစ်ယောက်ချင်းစီ ဆွေးနွေးမယ်ဆိုရင် အချိန်မလုံလောက်တာမို့ နိုင်ငံရေးပါတီကြီးတွေက ခေါင်းဆောင်တွေက ကိုယ်စားအနေနဲ့ ဆွေးနွေးကြတာလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးပိုက်ထွေး က ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ ချင်း အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်၊ အမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ နေဇင်လတ် နဲ့ အမျိုးသားဒီမိုကရေ စီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့် တို့က လက်ရှိနိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လွှတ်တော်တွင်း အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
ဒီတွေ့ဆုံပွဲအခြေအနေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးပိုက်ထွေး က အခုလိုပြောပါတယ်။
" ပါတီအားလုံးကိုယ်စား ၃ ပါတီက ပါတီခေါင်းဆောင်တွေက ဆွေးနွေးတာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင် ငံရေး ဆွေးနွေးရေး လွှတ်တော်ရေးရာ လုံခြုံရေး ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ တွေကိုပဲ ဆွေးနွေးတာပါ၊ ၃၂ ပါတီစလုံးနဲ့ ပြောတယ်ဆိုတဲ့စကား အချိန်ကမရှိဘူးလေ၊ ဦးသိန်းညွန့် ရယ် ဒေါက်တာ နေဇင်လတ်ရယ်၊ ဦးစိုင်းအိုက်ပေါင်းရယ် ဦးဇိုဇမ်လည်းပြောတယ် ငြိမ်းချမ်းရေးကိစ္စ၊ ဦးသန်းဌေးကတော့ တွေ့ဆုံပွဲလေး ဖြစ်ပေါ်လာတာလေးပြောတယ် ၂၀၁၈ ခုနှစ် တပ်မတော်နေ့စစ် ရေးပြအခမ်းအနား ဖိတ်ကြားတာကျေးဇူးတင်တယ်၊ ပါတီတွေ စုပေါင်းတွေ့ဆုံတဲ့အချိန်မှာ ပါတီတွေက စုပေါင်းဆန္ဒပြုကြတာတွေရှိတော့ ၂၀၁၉ တပ်မတော်နေ့ မတိုင်ခင်လေးမှာ ပါတီတွေကတွေ့ချင်တာ လေး မေတ္တာရပ်ခံတာပေါ့ ဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းလေး ဦးသန်းဌေးက ပြောတာပေါ့"
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကလည်း
" ဖက်ဒရယ်ဖြစ်ဖို့အတွက်ကို ပုဒ်မ ၂၆၁ ကို ပြင်ပေးပါ ပြည်ခိုင်ဖြိုးကလည်း တင်ထားတယ်လေ ပြည် ထောင်စုလွှတ်တော်မှာ ဖက်ဒရယ်ဆိုတာ အဲဒါပဲလေ အဓိကက ပြင်သင့်ပြင်ထိုက်တာတွေကို ပြင်ပေး ပါမယ်တဲ့ သဘောတူတယ်ပေ့ါဗျာ"
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအနေနဲ့ကလည်း နိုင်ငံ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ဖိတ်ကြားတဲ့အတွက် သဘောရိုးနဲ့သာ တက်ရောက်တာဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိထောင် က ပြောပါတယ်။
" ကျွန်တော်တို့ ဥက္ကဋ္ဌကို သက်ဆိုင်ရာတစ်ယောက်ယောက်က ဖိတ်ကြားတာပေါ့လေ၊ စဉ်းစားတဲ့အခါ မှာ ၂၁ ၂၂ မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင် ၈ ဖွဲ့ကလည်းပဲ နေပြည်တော်မှာအစိုးရနဲ့ ဒီ တပ်မတော် အကြီးအကဲတွေနဲ့ တွေ့ရမှာဆိုတော့ နိုင်ငံရေးပါတီအားလုံးကိုလည်း အဲဒီမှာဖိတ်ကြားပြီး တော့ တက်ရောက်ရမယ်လို့ ယူဆခဲ့တာလေ သဘောရိုးနဲ့ ကျွန်တေ်ာတို့က ဖက်ဒရယ်နဲ့ကိုယ်ပိုင် ပြဌာန်းခွင့်အမျိုးသားရေးအတွက်ဆိုရင် ဘယ်သူမဆိုနဲ့ တွေ့ဆုံချင်တာပဲလေ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်ရတာလည်း ဂုဏ်ယူပါတယ်၊ ရပ်တည်ချက်ကိုပဲ ပြောပါတယ် တချို့ဟာတွေ တပ်မတော် ကိုထောက်ခံတယ်ဆိုတာမျိုး၊ ရပ်တည်ပေးတယ်ဆိုတာမျိုး၊ လက်တွဲမယ်ဆိုတဲ့ ပုံစံမျိုးကတော့ တစ်ဦး တစ်ယောက်နဲ့ တစ်ပါတီတစ်ချို့တွေရဲ့ အမြင်သဘောထားမျိုးတွေပဲ ဖြစ်လိမ့်မယ်၊ အဲဒီကိစ္စနဲ့ပတ်သက် ပြီး သဘောထားမှတ်ချက်မပေးပါဘူး"
အဲဒီဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ သူ့အနေနဲ့ ပြောစရာမရှိကြောင်းသာ RFA ကို ပြောကြားခဲ့ပါတယ်။
ဒါကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံရေးပါတီ ၃၂ ခု တို့ တွေ့ဆုံကြတာနဲ့ပတ်သက်ပြီး နားဆင်ခဲ့ရတာပါ။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။