မုန်းမြို့မှာ လက်နက်ကြီးကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ

မုန်းမြို့နယ်က ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ရွာငါးရွာက ဒေသခံ သုံးထောင်ဝန်းကျင် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်အား ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်က ရွာတွေဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေတာကြောင့် ရွာငါးရွာက ဒေသခံ သုံးထောင်ဝန်းကျင် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“နတ်သံကွင်း တံတားထိပ်ကနေ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တာ။ ပတ်ပတ်လည်ရွာတွေ အကုန်ပြေးနေရတယ်။ ဥသျှစ်ကုန်းဆိုရင် တစ်ရွာလုံးပြေးရတာ။ အုန်းပင်စုတို့ရောပေါ့။ မတ်လဆန်းကတည်းက အခုချိန်အထိ နေ့ရော၊ ညရော ဆက်တိုက်ပစ်နေတာ။ အလုံး ရာနဲ့ချီနေပြီ။ ဘယ်အချိန်၊ ဘယ်နေရာမှာ ကျမလဲဆိုတာ မှန်းလို့မရဘူး။ လက်နက်ကြီးထိလို့ တစ်ယောက်သေသွားပြီ။ ဒေသခံဆိုရင် သုံးထောင်လောက် ထွက်ပြေးနေရတယ်”

လက်နက်ကြီးကျည်ထိမှန် သေဆုံးသွားသူဟာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ လယ်ထဲမှာ ပဲနှုတ်နေရင်း ထိမှန်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့ကလည်း နတ်သံကွင်းကို စစ်ကောင်စီတပ်သား အင်အား ၃၀၀ ခန့် ထပ်ရောက်လာလို့ တိုက်ပွဲတွေ ပိုပြင်းထန်လာမှာကို စိုးရိမ်ပြီး ရေလဲ (ဗမာ)၊ ရေလဲ (ကရင်)၊ အင်ကြင်းကုန်းနဲ့ ညောင်းတန်ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာ ရှောင်နေရတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်မှာ တပ်မဟာ - ၃ နယ်မြေ မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လက်နက်တပ် ထားတဲ့ ဒရုန်းတွေနဲ့ နေ့စဉ်ပစ်နေလို့ ထွနီကုန်း၊ ဆေးပုလဲ၊ ရေလဲ (ကရင်) နဲ့ ရေလဲ (ဗမာ) ရွာက ဒေသခံ ၂၆၉၆ ဦး စစ်ဘေးရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ လက်တလော KNU လက်အောက်ခံ KNLA တပ်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

KNU ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်တွေအကြား ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org