အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကြောင့် နှစ်နှစ်အတွင်း အရပ်သား ၁၄၀၀ ကျော် သေဆုံး

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် နှစ်နှစ်အတွင်းမှာ အရပ်သား ၁၄၄၆ ဦး သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာတွင် စစ်ကောင်စီတပ်မှ သတ်ဖြတ်ခဲ့သည့် အရပ်သား သုံးဆယ်ကျော်အား ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် မေလ ၁၅ အထိ နှစ်နှစ်အတွင်းမှာ အရပ်သား ၁၄၄၆ ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ BNI – Myanmar Peace Monitor အဖွဲ့က မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လူငါးဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို မှတ်တမ်းတင်ထားတာဖြစ်ပြီး ဒီနှစ်နှစ်အတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်ပေါင်း ၁၅၄ ခုအထိဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။ ဒီအထဲမှာ စစ်ကိုင်းတိုင်းထဲမှာ ၄၈ ခုနဲ့ အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်ကတော့ ၁၆ ခုနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။

မန္တလေးတိုင်းကတော့ဖြစ်စဉ် ၁၄ ခုနဲ့ တတိယအများဆုံးဖြစ်ခဲ့သလို ကချင်၊ ရှမ်း၊ ကယား (ကရင်နီ)၊ ချင်း၊ ပဲခူး၊ တနင်္သာရီ စတဲ့ဒေသတွေမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေရှိခဲ့တယ်လို့ BNI – Myanmar Peace Monitor ရဲ့ အစီအရင်ခံစာမှာ ဖော်ပြပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေထဲမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာ ပါဝင်သလို လေကြောင်းနဲ့ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ မေလ ၁၅ နေ့အတွင်းမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် ၄၉ ခုအထိရှိလာပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးမှုတွေများဆုံးဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

မေလ ၁၁ ရက်နေ့ကဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ထုထ္တောကျေးရွာက အရပ်သား ၃၂ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်မှုကတော့ ၂၀၂၄ ခုနှစ်အတွင်း အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ BNI – Myanmar Peace Monitor က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။ စစ်ကောင်စီကတော့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မလုပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ စစ်ရေးရှုံးနှိမ့်လာချိန် အရပ်သားတွေကို ပစ်မှတ်ထားသတ်ဖြတ်မှုတွေ ပိုပြီးကျူးလွန်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့လည်း BNI – Myanmar Peace Monitor က ပြောထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org