မတူပီမြို့မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ

ချင်းပြည်နယ် (တောင်ပိုင်း) မတူပီမြို့ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ် သားတွေရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်ပိုင်း မင်းတပ်မြို့ အနောက်ဘက် မိုင် ၅၀ အကွာအရောက်မှာ ချင်းကာကွယ်ရေးအဖွဲ့ (CDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

ချင်းပြည်နယ် မတူပီမြို့ကို တွေ့ရစဉ် Photo: Zalen

ချင်းပြည်နယ် (တောင်ပိုင်း) မတူပီမြို့ကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ယာဉ်တန်းကို နိုဝင်ဘာလ ၂ ရက် ဒီနေ့မနက်ပိုင်း မင်းတပ်မြို့ အနောက်ဘက် မိုင် ၅၀ အကွာအရောက်မှာ ချင်းကာကွယ် ရေးအဖွဲ့ (CDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီယာဉ်တန်းမှာ မြေတူးကားတစ်စီး၊ သံချပ်ကားနှစ်စီး၊ စစ်ကားအစီး ၇၀ နဲ့ စစ်ကောင်စီတပ်သား ၇၅ ဦး ပါဝင်ပြီး CDF အဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာပါ။

မနက်၉ နာရီအချိန်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မင်းတပ်ကာကွယ်ရေးအဖွဲ့ (CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတူမီးက ပြောပါတယ်။

“အဲဒီယာဉ်တန်းတွေက မတူပီကနေ ပြန်ဆင်းလာတာပါ၊ ကျနော်တို့ CDF တွေကတော့ ပြန်ဆင်းလာတဲ့ ယာဉ်တန်းထဲက JCB မြေထိုးစက်အသေးတစ်စီးကို မီးရှို့ဖျက်ဆီးလိုက်နိုင်တယ်၊ မြေထိုးစက်မောင်းတဲ့ စစ်ကောင်စီတပ်သားလည်း အပြင်းစားဒဏ်ရာရသွားတယ်၊ သူတို့ဘက်က လက်နက်ကြီးတွေနဲ့ ပြန်ပစ် လို့ ကျနော်တို့ အနောက်ပြန်ဆုတ်ခဲ့ရတယ်” လို့ ဆလိုင်းတူမီးက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ဒဏ်ရာရှိမှု အခြေအနေကိုတော့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပဲ အနော်ရထာစစ်ဆင်ရေးဆိုပြီး ချင်းတောင်ပေါ်ကို စစ်အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်ထဲမှာ ပြီးခဲ့တဲ့မေလကစပြီး ချင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သလို လက်ရှိလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး လူနေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရတာ တွေကြောင့် ဒေသခံတွေအားလုံးနီးပါး မြို့ကိုစွန့်ခွာထွက်ပြေးနေကြရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org