မလေးရှားက ပြန်ပို့ခံရတဲ့လူငယ်တွေ စစ်မှုထမ်းဖို့ စုဆောင်းခံရ

ပြန်ပို့ခံရသူတွေ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ စစ်မှုထမ်းစုဆောင်းခံရကြောင်း မိသားစုတွေက အကြောင်းကြားလာတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

မလေးရှားနိုင်ငံမှ ပြန်ပို့မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို လူဝင်မှုကြီးကြပ်ရေး ထရပ်ကားတစ်စီးအတွင်း၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် တွေ့ရစဉ်။ Reuters

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့တဲ့မြန်မာနိုင်ငံသားတချို့ကို စစ်မှုထမ်းဖို့ စစ်ကောင်စီက စုဆောင်းနေကြောင်း မလေးရှားနိုင်ငံမှာ အလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။

တရားမဝင်နေထိုင်မှုအပါအဝင် အကြောင်းပြချက်အမျိုးမျိုးနဲ့ မြန်မာနိုင်ငံသားတွေကို မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးပြီးနောက် ပြစ်ဒဏ်မချတော့ဘဲ မလေးရှားလူဝင်မှုကြီးကြပ်ရေးက စစ်ကောင်စီနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး မြန်မာနိုင်ကို ပြန်ပို့နေတာလို့ ဆိုပါတယ်။

ပြန်ပို့ခံရသူတွေ မြန်မာနိုင်ငံကို ပြန်ရောက်ချိန်မှာ စစ်မှုထမ်းစုဆောင်းခံရကြောင်း မိသားစုတွေက အကြောင်းကြားလာတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

"ထောင်မချဘူး။ အမိန့်မချဘူး။ တရားရုံးလည်းမတက်ဘူး။ အဲဒီအခါကျတော့ မြန်မြန်ပြန်ပို့ကြတယ်။ မိသားစုဝင်တွေက စိုးရိမ်စိတ်နဲ့ ဆက်သွယ်ကြတယ်။ ပြန်သွားတဲ့သူတွေ ဖမ်းခံရတယ်ဆိုတာ။ အိမ်ရောက်ပြီး ရက်ပိုင်းပေါ့။ လူငယ်တွေ အသက် ၂၀ ကနေ ၄၀ ကြားပေါ့။ မိသားစုဝင်တွေက ပြောတာပေါ့နော်။ ပျောက်သွားပြီ။ တစ်ချို့တွေက မဲမပေါက်မချင်းကို နှိုက်ခိုင်းတာ’’

စစ်မှုထမ်းစုဆောင်းခံရကြောင်း ဆက်သွယ်အကြောင်းသူ ငါးဦးထက်မနည်းရှိနေပြီး အကြောင်းမကြားတဲ့သူတွေလည်းရှိတယ်လို့ အလုပ်သမားအရေးကူညီပေးနေသူက ပြောပါတယ်။

စစ်မှုထမ်းစုဆောင်းကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ရာကျော်ကို ဖေဖော်ဝါရီလထဲမှာပဲ ပြန်ပို့ခဲ့ပြီး ထပ်မံပို့ဆောင်ခံရမဲ့သူတွေရှိနေတယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို မလေးရှားအာဏာပိုင်တွေက နေ့တိုင်းနီးပါးဖမ်းဆီးနေပြီး မြန်မာနိုင်ငံသားအများစု ဖမ်းဆီးခံနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလထဲမှာပဲ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား တစ်ထောင်ကျော်ရှိနေတယ်လို့ မလေးရှားရောက်မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသူတွေ ပါနေတာကြောင့် နေရပ်ပြန်ပို့ခံရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပေမဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံကို စွန့်ခွာပြီး မလေးရှားနိုင်ငံကို တရားမဝင် လမ်းကြောင်းကနေ သွားရောက် အလုပ်လုပ်တာတွေ ဆက်ရှိနေတာကြောင့် လူကုန်ကူးပွဲစားတွေကို သတိထားကြဖို့ မလေးရှားရောက်မြန်မာတွေက သတိပေးထားပါတယ်။

မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ Pekan Nenas လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း တာဝန်ခံဖြစ်သူနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းတို့တွေ့ဆုံပြီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org