ဖမ်းဆီးခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို အိုးဘိုထောင်ပို့

ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ သူ့ရဲ့ အမှုကို သူကိုယ်တိုင်လိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း တရားရုံး အသိုင်းအဝိုင်း အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်

ဖမ်းဆီးခံထားရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက မေလ ၂၆ ရက် ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တယ်လို့ တရားရုံး အသိုင်းအဝိုင်းက RFA ကိုပြောပါတယ်။

တစ်လလောက်ကြာအောင်သူ့ကို ရဲစခန်းမှာ ဖမ်းထားရာကနေ ဒီကနေ့ အိုးဘိုထောင်ကို ပြောင်းလိုက်တာလို့ ဆိုပါတယ်။

ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ သူ့ရဲ့ အမှုကို သူကိုယ်တိုင်လိုက်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း တရားရုံး အသိုင်းအဝိုင်း အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။

"အရင်ရက်တွေက ရဲစခန်းမှာထားတယ်။ ဒီကနေ့ အိုးဘိုးထောင်ပို့မယ်၊ သူကိုယ်တိုင်အမှုလိုက်စစ်ဆေးသွားမယ်။ သူကိုယ်တိုင် ခုခံချေပမယ်"

ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက အမှုဖွင့်ထားတာပါ။

သူဟာ ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲထားပါတယ်။

လူ့အခွင့်အရေးရှေ့နေ တစ်ဦးလည်းဖြစ်တဲ့ ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင်၊ တိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ အမှုတွေကို အဖမ်းမခံရခင်က လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်း တစ်နှစ်ကျော်အတွင်း အမှုလိုက် ရှေ့နေစုစုပေါင်း အယောက် ၂၀ ဖမ်းဆီးခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org