တစ်နေ့တာ အပစ်အခတ်ရပ်စဲရေးမှ ထာဝရငြိမ်းချမ်းရေးအတွက် KNU တောင်းဆို

မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်ဒေသမှာ တစ်နေ့တာ အပစ်ခတ်ရပ်စဲထားဖို့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒီကနေ့ ကျရောက်တဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့မှာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၆ ရက်က မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KNU ကရင်အမျိုးသား အစည်းအရုံး ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်။ RFA

မြန်မာအစိုးရက ငြိမ်းချမ်းရေးကို တကယ်လိုလားတယ်ဆိုရင် တစ်နေ့တာ အပစ်အခတ်ရပ်စဲရေးကနေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရ အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်လာအောင် ကချင်ဒေသတိုက်ပွဲတွေ ရပ်ထားဖို့ တောင်းဆိုရတာ ဖြစ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။

ဒါ့အပြင် စစ်မှန်ပြီး ထာဝရတည်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင် ပဋိပက္ခဖြစ်နေရတဲ့ အကြောင်းအရင်းတွေကို အစိုးရရော လက်နက်ကိုင်အဖွဲ့တွေကပါ ဝိုင်းဝန်းရှာဖွေကြဖို့နဲ့ ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းသွားကြဖို့ကိုလည်း KNU ရဲ့ ကြေညာချက်ထဲမှာ တိုက်တွန်းထားပါတယ်။

ဒီအတောအတွင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်အမျိုးသမီးများအဖွဲ့ KWO ကလည်း ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး KNU နဲ့ မြန်မာအစိုးရတို့ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဆက်လက် ဆောင်ရွက်နေတာကို ကြိုဆိုပေမယ့် ကချင်ဒေသအပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။

အဲဒီကတဆင့် စစ်မှန်တဲ့ ဒီမိုကရေစီနည်းလမ်းအရ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်ဖို့အတွက် လာမယ့်နှစ်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံးနဲ့ အစိုးရတို့ကြား နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း KWO အဖွဲ့က ပြောဆိုပါတယ်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

တွေ့ဆုံမေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org