နှစ်သစ်ကူးနေ့ကို ကရင်ပြည်သူတွေ ဘေးကင်းလုံခြုံမှုမရှိဘဲ ဖြတ်သန်းနေရကြောင်း NUG ပြော

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှုမရှိဘဲ စိုးရိမ်ထိတ်လန့်မှုနဲ့ ဖြတ်သန်းနေရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်အတွင်း ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ 𝗞𝗮𝗿𝗲𝗻 𝗡𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗨𝗻𝗶𝗼𝗻

ဒီနေ့ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ကရင်ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံမှု မရှိဘဲ စိုးရိမ်ထိတ်လန့်မှုနဲ့ ဖြတ်သန်းနေရတဲ့အပေါ် ဝမ်းနည်းရတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ထုတ်ပြန်ပါတယ်။

ကရင်နှစ်သစ်ကူးနေ့အတွက် NUG က ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မှာ သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပြီး အဲဒီသဝဏ်လွှာထဲမှာ ဖော်ပြထားတာပါ။

ဒီလိုနှစ်သစ်ကူးအချိန်အခါဟာ ကရင်လူမျိုးတို့အတွက် ပွဲလမ်းသဘင်ကျင်းပရမယ့် ကာလဖြစ်ပေမယ့် စစ်ကောင်စီရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေကြောင့် ကရင်နှစ်သစ်ကူးကို ဘေးကင်းလုံခြုံမှုမရှိဘဲ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ဖြတ်သန်းနေကြရတယ်လို့ NUG က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ကရင်ပြည်နယ်အတွင်း စစ်ကောင်စီ ရဲ့ စစ်ဆင်ရေးတွေကြောင့် စစ်ဘေးဒဏ်ကျရောက်နေတဲ့အပေါ် စာနာကြောင်း ဒီနေ့မှာပဲ ထုတ်ပြန်ပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲအတားအဆီးတွေကိုလည်း နှစ်ပေါင်းများစွာ အတွေ့အကြုံပြည့်ဝနေတဲ့ ကရင်ခေါင်းဆောင်းတွေရဲ့ ဦးဆောင်မှုနဲ့ ကျော်လွှားနိုင်ဖို့ ယုံကြည်တယ်လို့လည်း NLD က ဆိုပါတယ်။

ကရင်ပြည်သူတွေအပါဝင် ပြည်သူတစ်ရပ်လုံး ဖိနှိပ်ချုပ်ချယ်မှုတွေကနေ လွတ်မြောက်နိုင် ဖို့ ဆုတောင်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုး ကလည်း ကရင်နှစ်သစ်ကူးနေ့ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် (KNLA) တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒီနယ်မြေတွေမှာ စစ်ဘေးဒုက္ခသည်ပေါင်း သုံးသိန်းကျော်ရှိနေတယ်လို့ KNU ရဲ့ နိုဝင်ဘာလက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org