ကချင်စစ်ပြေးဒုက္ခသည်တွေ အကူအညီ အထူးလိုအပ်နေ

မိုးရာသီနီးလာတာနဲ့အမျှ ကချင်စစ်ပြေး ဒုက္ခသည်တွေအတွက် အကူအညီ ပိုလိုနေတယ်လို့ အဖြူရောင်တွဲလက်များ အဖွဲ့နဲ့ လိုက်ပါသွားပြီး ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်က ဒုက္ခသည်စခန်းတွေကို ရောက်ခဲ့တဲ့ မဇင်မာအောင်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့၏ မှတ်တမ်းပုံ ဖြစ်ပါသည်။ Photo courtesy of KIO

ကျန်းမာရေး စောင့်ရှောက်မှုတွေ အထူးလိုအပ်နေတာလို့ သူကပြောပါတယ်။

" မိုးရာသီရောက်တော့မယ်။ နေစရာထိုင်စရာတွေက ပိုပြီးတော့ အခက်အခဲဖြစ်နေပြီ။ ကျန်းမာရေး အခြေအနေရော၊ လူနေထူထပ်တာရော၊ ခလေးတွေကျောင်းနေဖို့ ကိစ္စက အရေးတကြီး လိုအပ်ချက်ဖြစ်နေတယ်။ နောက်ပြီး တရုတ်ပြည် ဘက်အခြမ်းမှာ၊ တရုတ်ပြည်နယ်စပ်ပေါ့နော်။ အဲဒီက ဖာသာတွေရဲ့ ပြောပြချက်အရ ကုလသမဂ္ဂတို့ ဘယ်တို့က အကူအညီတွေရောက်နေပြီ၊ သတင်းတွေပါပြီးတဲ့ အခါကျတော့ လူတွေက ရနေပြီပဲ၊ မလိုတော့ဘူးပဲလို့ ထင်သွားပုံရပါတယ်တဲ့။ မလာကြ တော့ဘူးပေါ့နော်။ အကူအညီတွေက အမှန်တကယ်တော့ အရမ်းကို လိုအပ်နေဆဲပါ။ စစ်ပွဲတွေပြီးသွားလို့ ရှိရင်တောင်မှ ဒီလိုမျိုး လူမှုကူညီရေးကိစ္စတွေက ပြီးဦးမှာ မဟုတ်သေးဘူးပေါ့နော်။ အခုစစ်ပွဲတွေ ဖြိုးဖြိုးဖြောက်ဖြောက် ဖြစ်နေတဲ့ အချိန်မှာ ဒုက္ခသည်တွေ ထပ်တိုးလာဖို့ပဲ ရှိတယ်" လို့ မဇင်မာအောင်က ပြောပါတယ်။

လူသူအရောက်နည်းတဲ့ စခန်းတွေကိုလည်း သွားရောက်ပြီး အဝတ်အထည်နဲ့ငွေကြေး လှူဒါန်းခဲ့တဲ့အကြောင်း၊ အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာအရ အားပေးတာ ဖြစ်တဲ့အကြောင်းနဲ့ တောင်ပေါ်သား ကချင်ပြည်သူတွေနဲ့အတူ မြေပြန့်က လူထုကလည်း ဒုက္ခကို မျှဝေခံစားပြီး သူတို့နဲ့အတူ ရပ်တည်တဲ့အကြောင်း ပြသတဲ့အနေနဲ့ သွားရောက်ကူညီတာလို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org