အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေမဖြစ်အောင် နှစ်ဖက် ကိုယ်စားလှယ် ၅ဦးစီနဲ့ ဖွဲ့ထားတဲ့ ပဋိပက္ခညှိနှိုင်းဖြေ ရှင်းရေးအဖွဲ့က အပြန်အလှန် သတင်းဖလှယ်ပြီး ဆောင် ရွက်သွားမယ်လို့ ဒီနေ့ ဆွေးနွေးကြကြောင်း သိရပါ တယ်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးမှာ နှစ်ဖက်ကိုယ်စား လှယ်တွေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာ ဖြစ် ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့က ဦးဆန်းအောင်က အခုလို ပြောပါတယ်။
"နှစ်ဖက်အဖွဲ့က အမြဲတမ်း အဆက်အသွယ်မပြတ်ဖို့၊ နှစ်ဖက်ဆက်သွယ်ရေး လမ်းကြောင်းတွေထားဖို့ ကိစ္စ၊ လိုအပ်ရင်လိုအပ်သလို ဆွေးနွေးပွဲလုပ်ကြဖို့ အပြင် နှစ်ဖက်က တစ်ခုခု တပ်လှုပ်ရှားမှုရှိရင် အသိပေးကြဖို့ ပြဿနာမဖြစ်အောင်လုပ်ဖို့ပါ"
ပြီးခဲ့တဲ့ မေလ ၁၃ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ ကေအိုင်အိုကိုယ်စားလှယ်တွေရဲ့ သီးသန့်ဆွေးနွေး ပွဲကနေ နှစ်ဖက်တိုက်ပွဲတွေမဖြစ်အောင် ထိန်းသိမ်းနိုင်ဖို့အတွက် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာပါ။
အဲဒီအဖွဲ့မှာ အစိုးရဘက်က ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် ဦးဆောင်ပြီး ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် စစ်ဘက်ရေးရာဋ္ဌာန ဒုတိယဗိုလ်မှူးကြီး တစ်ဦး၊ စစ်ရေးရာ လုံခြုံရေးအဖွဲ့ စရဖ တပ်မှူးနဲ့ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး တို့ ပါဝင်ပါတယ်။
ကေအိုင်အိုဘက်ကတော့ စစ်မဟာဗျူဟာ လေ့လာရေးဋ္ဌာနမှူး ဗိုလ်မှူးကြီးဇော်တောင် နဲ့ ဗိုလ်မှူးကြီးအဆင့်တစ်ဦး၊ ဒုတိယဗိုလ်မှူးကြီးအဆင့် တစ်ဦးစီ၊ ရှမ်းပြည် မြောက်ပိုင်း တပ်မဟာ ၄ က ဗိုလ်မှူးတစ်ဦးနဲ့ ကေအိုင်အိုနည်းပညာ အကြံပေးအလုပ်အဖွဲ့ရုံးက တစ်ဦးတို့ ပါဝင်ပါတယ်။
ကေအိုင်အေ တပ်မဟာ (၄) ရဲ့ လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှိနေတာ များတာကြောင့် အစိုးရတပ်တွေနဲ့ မကြာခဏတိုက်ပွဲတွေ ဖြစ်နိုင်သေးကြောင်းနဲ့ တပ်မဟာ (၄) နဲ့ ပတ်သက်ပြီး သီးသန့်ဆွေးနွေးသွားဖို့ လိုအပ်ကြောင်းလည်း သိရပါတယ်။