ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦး ဖမ်းဆီးခံရပြီး ပြန်လွတ်လာ

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ခေါင်းကို နံပါတ်တုတ်နဲ့ရိုက် ဖမ်းဆီး ခံရပေမယ့် ခေါင်းမှာအကာအကွယ်ဦးထုပ် ဆောင်းထားတာကြောင့် ထိခိုက် ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ Yuki Kitazumi နဲ့ အလုပ်အတူတွဲလုပ်တဲ့ ကိုလင်းဉာဏ်ထွန်းက သူ့ရဲ့ Facebook မှာရေးထားပါတယ်။

ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi ဖမ်းဆီးခံရစဉ် Aung Ko

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရန်ကုန်မြို့မှာ သတင်းယူနေတဲ့ ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi ဖေဖော်ဝါရီလ ၂၆ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ဒီကနေ့ မြေနီကုန်းမှာ ဆန္ဒပြပွဲသတင်းယူနေစဉ် နံနက် ၁၁ နာရီခွဲလောက်မှာ ဖမ်းဆီးခံထားရတာဖြစ်ပြီး ၅ နာရီကြာဖမ်းဆီးခံရပြီးနောက် စမ်းချောင်းရဲစခန်းကနေ ပြန်လွှတ်ပေးလိုက်တာပါ။

မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်အရ ခေါင်းကို နံပါတ်တုတ်နဲ့ရိုက်ဖမ်းဆီးခံရပေမယ့် ခေါင်းမှာအကာအကွယ်ဦးထုပ် ဆောင်းထားတာကြောင့် ထိခိုက်ဒဏ်ရာရတာတော့မရှိခဲ့ဘူးလို့ Yuki Kitazumi နဲ့ အလုပ်အတူတွဲလုပ်တဲ့ ကိုလင်းဉာဏ်ထွန်းက သူ့ရဲ့ Facebook မှာရေးထားပါတယ်။

သတင်းထောက် Yuki Kitazumi ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးကို အကြောင်းကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသား သတင်းထောက်တစ်ဦးဖြစ်တဲ့ Yuki Kitazumi ဟာ ရန်ကုန်မြို့မှာ အခြေစိုက် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူဖြစ်ပြီး မှတ်တမ်းဗီဒီယိုတွေကို ရိုက်ကူးထုတ်လုပ်သူတစ်ဦးဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်က ဆန္ဒပြပွဲအတွင်းမှာ ဆင်ဟွာသတင်းဌာနက သတင်းထောက်တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရပေမယ့် စစ်ဆေးမေးမြန်းပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဆန္ဒပြပွဲတွေကို သတင်းမှတ်တမ်းရယူနေကြတဲ့ သတင်းထောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီး ရိုက်နှက်တာ၊ လေးခွနဲ့ အဝေးက လှမ်းပစ်တာတွေကြောင့် သတင်းထောက်တွေ ကိုယ်လွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်းထောက်တချို့ကို ဖမ်းဆီးပြီး နောက်ပိုင်းမှာပြန်လွှတ်ပေးတာတွေရှိပေမယ့် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် ကင်မရာပျက်စီးသွားသူတွေ၊ သတင်းရိုက်ကူးထားတဲ့ မှတ်တမ်းကို ဖျက်စီးခံရသူတွေလည်းရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org