အင်းစိန်ထောင်က အစာငတ်ခံဆန္ဒပြသူ အများစု ဆက်ပြီး ဆန္ဒပြနေဆဲ
အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူ ၁၅ ဦး အနက် ၂ ဦးက သပိတ်လှန်လိုက်ပြီး ကျန်ဆန္ဒပြသူတွေက ဆက်ပြီး သပိတ် တိုက်ပွဲဝင်နေတယ်လို့ သတင်းရပါတယ်။
-
2011-11-02 -
-
-
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
(Photo:RFA/Tyler Chapman)
အကျဉ်းထောင် လက်စွဲပါ အကျဉ်းသား ခံစားခွင့်များရဖို့ အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား ၁၅ဦးဟာ အောက်တိုဘာလ ၂၆ ရက် မွန်းလွဲပိုင်းက စပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။
အစာငတ်ခံ ဆန္ဒပြသူတချို့ကို စစ်ခွေးတိုက်မှာ ပို့ထားပြီး အဲဒီထဲက ၂ ဦး သပိတ်လှန်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစု ကွန်ယက်က ကိုအောင်ဇော်ထွန်းက ပြောပြပါတယ်။
“အသေးစိတ် မသိရဘူး။ ကိုအောင်နိုင်နဲ့ ကိုဇင်မင်းရှိန်တို့ နှစ်ယောက်ကတော့ သပိတ်လှန်လိုက်တယ် ကြားတယ်”လို့ ကိုအောင်ဇော်ထွန်းက ပြောပါတယ်။
အစာငတ်ခံ ဆန္ဒပြသူတွေကို ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ ကတည်းက ထောင်ဝင်စာ ပိတ်ထားသလို သပိတ်စတင်ပြီး ၄၈ နာရီ မကြာခင် ရေဖြတ်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။
ဒါပေမဲ့ နောက်ပိုင်းအခြေအနေ အတိအကျကို ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။ အခုဆို အစာငတ်ခံ ဆန္ဒပြနေတာ တစ်ပတ်ရှိနေပြီမို့ ဆန္ဒပြသူတွေရဲ့ကျန်းမာရေး အတွက် မိသားစုက စိုးရိမ်နေကြတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေက ပြောပါတယ်။