ကေအိုင်အို ကို သတိပေး ပစ်ခတ်တာလို့ တပ်မတော် သတင်းထုတ်ပြန်
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ တပ်မတော်ဖက်က အကြိမ်ကြိမ် သတိပေးတာကို မလိုက်နာတဲ့အတွက် တန်ပြန် သတိပေးပစ်ခတ် တာဖြစ်ကြောင်း တပ်မတော်ဘက် က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
-
2014-11-21 -
-
-
ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာဟာ တပ်မတော်ဖက်က အကြိမ်ကြိမ် သတိပေးတာကို မလိုက်နာတဲ့အတွက် တန်ပြန် သတိပေးပစ်ခတ်တာဖြစ်ကြောင်း တပ်မတော်ဘက်က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်က စာနယ်ဇင်းကောင်စီ(ယာယီ) ထံ နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့စွဲနဲ့ စာပေးပို့ခဲ့တာ ဖြစ် ပါတယ်။ အဲဒီစာထဲမှာ ကေအိုင်အေတပ်တွေက တပ်မတော်ဘက်က လမ်းဖေါက်နေတာတွေနဲ့ ခရီးသွား လာမှုတွကို မကြာခဏ တိုက်ခိုက်တာတွေရှိတဲ့အတွက် အစိုးရနဲ့ ကေအိုင်အိုနှစ်ဖက်အတွက် ဖွဲ့စည်းထားတဲ့ ပဋိပက္ခညှိနှိုင်းရေး ကော်မတီကနေတဆင့် အကြိမ်ကြိမ် အကြောင်းကြားခဲ့ကြောင်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ တပ်မတော်ဘက်က ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့က ဗိုလ်လောင်းသင်တန်းကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၂၀ ဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အိုက ကြေညာချက်ထုတ်ပြန်ပါတယ်။
တပ်မတော်က ထုတ်ပြန်ချက်မှာ ပုံမှန်ရိက္ခာတင်ပိုတဲ့ လမ်းကြောင်းဖောက်လုပ်မှုအပေါ် နှောင့်ယှက်ပစ်ခတ်တာတွေ မရှိဖို့ တောင်းဆိုထားသလို နှောင့်ယှက်လာရင် လိုအပ်သလိုတန်ပြန်အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း ပါရှိပါတယ်။ ကေအိုင်အိုဘက်ကလည်း လိုင်ဇာအနီးက တပ်မတော်ရဲ့ စခန်းတွေနဲ့ လက်နက်ကြီးတွေကို ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပါတယ်။
အခုလို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အပေါ် ကေအိုင်အိုဌာနချုပ်၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့ထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့က ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ကြေညာထားပါတယ်။