မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ထားကြဖို့ အစိုးရညွှန်ကြား

မြန်မာနိုင်ငံဒေသအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း မီးလောင်ကျွမ်းမှုတွေဖြစ်ပေါ်ခဲ့ တာကြောင့် ရပ်ကွက်တွေအလိုက် တစ်အိမ် တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြား ထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါ ကို တွေ့ရစဉ် Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံဒေသအချို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ရပ်ကွက်တွေ အလိုက် တစ်အိမ်တက်ဆင်း မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ဆောင်ကြဖို့ ပြည်ထောင်စုအစိုးရ အဖွဲ့က ညွှန်ကြားထားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူတွေ က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၄၅ မြို့နယ်စလုံးမှာ စီမံချက်အနေနဲ့ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် စက်ရုံအလုပ်ရုံတွေအပြင် နေအိမ်တွေမှာပါ တစ်အိမ်တက်ဆင်း စိစစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က ဒုတိယညွှန်ကြားရေးမှုး ဦးသော်ဒါက ပြောပါတယ်။

"ရပ်ကွက်ကျေးရွာတွေကို တစ်အိမ်တက်ဆင်းတွေစစ်တယ်၊ ဘေးအန္တရာယ်ရှိနိုင်ရင် ကျနော်တို့က အကြံပေးတယ်၊ သစ်၊ ဝါး၊ ဓနိအိမ်တွေကို မီးချိတ်တွေထားပါ၊ စက်ရုံ၊ အလုပ်ရုံဆိုရင်တော့ မီးချိတ်လောက် နဲ့ ဘယ်ရမလဲ၊ မီးသတ်ဆေးဘူးတွေ၊ ဘယ်လိုအမျိုးအစား၊ ဘယ်နေရာမှာ ဘာထားပါ၊ ဆီဆိုင်တွေဆိုရင် လည်း ဒီလောက်နဲ့ မလုံလောက်ဘူး၊ မီးသတ်ဆေးဘူးတွေ၊ ဘယ်လိုထားဆောင်ရွက်ပါ၊ ကော့မှူးမြို့နယ် မှာ ဆိုရင်လည်း ကျနော်တို့ မီးသတ်စခန်းရဲ့ကပ်လျက်နောက်မှာ တစ်မြို့လုံးသုံးတဲ့ ဂါလံ သန်းနဲ့ချီ ရှိတဲ့ ရေလှောင်ကန်ကြီးရှိပါတယ်၊ မီးသတ်နောက်မှာပါပဲ၊ ရေတိုက်ရိုက် မီးသတ်ကားသွားယူလို့မရတဲ့ စက်တွေထိုင်ပြီးတော့ လမ်းမပေါ်ကို ရေပေးနိုင်တဲ့ စနစ်မျိုးတွေကို ဆောင်ရွက်နိုင်ဖို့ စီမံချက်ထဲမှာထည့် ပြီး သေချာဆောင်ရွက်ဖို့ ကျနော်မြို့နယ်မီးသတ်ကို အကြောင်းကြားပြီးလို့ အာဏာပိုင်အဖွဲ့အစည်း ကိုလည်း တင်ပြပေးဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အစီစဉ်တွေဆောင်ရွက်ထားပါတယ်"

မနေ့က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကလည်း ကော့မှူးမြို့နယ်မှာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဆီ မေတ္တာရပ်ခံ စာ ပေးပို့ခဲ့ပါတယ်။

ကော့မှူးတစ်မြို့နယ်လုံး ရေသုံးစွဲလို့ရနိုင်တဲ့အပြင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်ဖို့အတွက် ရေဂါလံ တစ်သန်းကျော်ဆန့်တဲ့ ရေသိုလှောင်ကန် ရှိတယ်လို့ သိရပါတယ်။

မိုးလေဝသပညာရှင်တွေကလည်း ဒီနှစ်ဟာ အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းတဲ့ရာသီဥတု ဖြစ်တာ ကြောင့် မီးဘေးကြိုတင်ကာကွယ်ဖို့ သတိပေးပြောဆိုတာမျိုးတွေ ရှိနေတာကြောင့် အိမ်တိုင်းမှာ မီးသတ်ဆေးဘူးတွေ အရန်သင့်ဆောင်ထားကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တို့မှာ နာရီအတော်ကြာ မီးလောင်ကျွမ်း ခဲ့ပြီး ဒေသခံ ထောင်နဲ့ချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ကျောက်က္ကာကျေးရွာမှာ မီးလောင် မှုကြောင့် နေအိမ် ၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါ ကို RFA သတင်းထောက် ကိုကျော်သူ က တွေ့ဆုံမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org